အပိုင်း {၅၀} (UNICODE)

557 28 4
                                    

မောနင်း ကိုရိပ် ...
ကျွန်တော် ဘဏ်ကနေ ကိုရိပ် လိုလောက်မယ် ထင်တဲ့ ပိုက်ဆံတွေ ထုတ်ထားတယ်နော် ..ဗီရိုထဲမှာ ရှိတယ်ဗျ။ မနက်စာလည်း ကိုရိပ် ကြိုက်တဲ့ မလိုင်နံပြားပဲ ဝယ်ထားတယ် ကိုရိပ်။ အခု ကျွန်တော် အဖေ့ဆီ သွားပြီမို့လို့ ညနေလောက်တော့ ပြန်ရောက်မယ် ထင်ပါတယ်။ ဒါဆို ညနေမှ တွေ့မယ်နော်။
- ကိုရိပ်ရဲ့ ပုတက် -

မာန် အိပ်ရာနိုးလာတော့ အနားမှာ လှိုင်း ရှိမနေသဖြင့် အောက်ထပ် ဆင်းကြည့်တော့ အရင်မနက်ခင်းများ၌ တွေ့မြင်နေကျ ကလေးများအပါအဝင် ကလေးတို့၏ ဆရာ့ကိုပါ အရိပ်အယောင် မတွေ့ရ။ ထမင်းစားပွဲ၌ တင်ထားသော စာ၌တွင်တော့ မာန် မမြင်ရသည်မှာ ကြာနေပြီဖြစ်သော ဝိုင်းစက်စက် လက်ရေးများကို ပြန်လည် မြင်တွေ့ခွင့်ရသည်။ ထမင်းစားပွဲရှိ အုပ်ဆောင်းကို ဖွင့်ကြည့်ရာ မလိုင်နံပြား ပန်းကန်နှင့်အတူ မိုင်လိုတစ်ခွက်ကိုပါ ယှဉ်တွဲတွေ့ရသည်။ မိုင်လိုခွက်ဘေး၌ ကော်ဖီသကြားလုံးနှစ်လုံးကလည်း အခန့်သား ရှိနေသေး၏။ လှိုင်း မာန့်စကားများကို ခုချိန်ထိ မမေ့သေးပေ။ မနီးမဝေးရှိ စားပွဲခုံ၌လည်း ကြယ်ပန်း ထိုးထားသော ကြွေပန်းအိုးလေးက နေရာတကျ။

"ဟယ်လို ဘုန်းသွင် ..ပြော။"

မနက်စာကို တစ်ကိုယ်တည်း စားနေစဉ် ဘုန်းသွင်၏ ဖုန်းဝင်လာသဖြင့် မာန် ဖုန်းလက်ခံရင်း မိုင်လိုကို တစ်ငုံ မော့သောက်လိုက်သည်။ တစ်ဖက်မှ ဘုန်းသွင်၏ စကားသံဟာ သူ့ထုံးစံအတိုင်း ဖြည်းဖြည်းဆေးဆေးပါပဲ။

"မာန် ..သတင်းစာထဲမှာ မင်းကို သားအဖြစ်က စွန့်လွှတ်ကြောင်း ပါလာတယ်နော်။ မတွေ့သေးဘူးမလား။"

မာန်တို့အဖွဲ့ထဲ သတင်းစာကို အရေးတယူလုပ်ကာ ဖတ်သူဆိုလို့ Guest House ပိုင်ရှင် ပိုင်မြတ်ဘုန်းသွင်သာ ရှိသည်မို့ ဘုန်းသွင်သည် မာန့်ကို လှမ်းပြီး သတင်းပေးလာသည်။ ထိုသတင်းကို ကြားတော့လည်း မာန် တုန်လှုပ်ခြင်း မရှိသော်လည်း ရင်ထဲ၌ အောင့်တက်လာရသည့် ဝေဒနာကိုတော့ ဖုံးကွယ်မရ။ ဝမ်းနည်းသည်ထက် သာလွန်သော စကားလုံး ရှိလျှင် သူ သုံးနှုန်းလိုက်ချင်မိ၏။ သို့သော် သူ ပြိုလဲလို့ မရဖြစ် ... မာန်သာ ပြိုလဲပြလိုက်လျှင် မာန့်ထက် ပိုပြီး စိတ်ပင်ပန်းရမည့်သူ ရှိနေသည်။ ရင့်ကျက်တည်ငြိမ်ရသည်မှာ ထင်သလောက် မလွယ်ကူမှန်း သင်ယူခဲ့ရသော ဘဝ အတွေ့အကြုံများက မာန့်ကို သင်ကြားပေးခဲ့ပြီးပြီ ဖြစ်၍ မာန် ကြံ့ခိုင်မှ ဖြစ်မည် ... အထူးသဖြင့် မာန်၏ တစ်ခုတည်းသော လိုအပ်ချက်လေးအတွက်ပေါ့။

လမင်းခြေသံ { Completed }Where stories live. Discover now