ဇာတ်သိမ်းပိုင်း (UNICODE)

1.3K 34 24
                                    

"အိပ်မပျော်ဘူးလား လှိုင်း။"

မာန့်ရင်ခွင်ထဲ ငြိမ်သက်နေပေမဲ့ လည်ပင်း၌ ဆွဲထားသော ဆွဲသီးလေးအား တကိုင်ကိုင် လုပ်နေသည့် လှိုင်းသည် မာန့်စကားသံ ကြားတော့ မော့ကြည့်လာပြီး သူ့အကျင့်အတိုင်း ခပ်တိုးတိုး ဆိုသည်။

"ကျွန်တော် ... ရင်တွေ တုန်နေတယ် ကိုရိပ်။ အဲ့တာ ကိုရိပ်ကြောင့်။"

"ဟမ် ..ဘယ်လိုလုပ် ငါ့ကြောင့် ဖြစ်သွားတာလဲ။"

"ဟုတ်တယ်လေ ..ကျွန်တော့်ကို ဘာမှလည်း ကြိုမပြောဘဲ ကိုရိပ်က လက်ထပ်ခွင့်တောင်းတာကိုဗျ။ နဂိုကတည်းက လူကို သူ့မြင်တာနဲ့ ရင်တွေ မတရား ခုန်နေပါတယ်ဆိုမှ ..အခုလို ရုတ်တရက်ကြီး လက်ထပ်ခွင့်တောင်းတော့ ကျွန်တော် ရင်ခုန်ရုံတင်မကဘူး ၊ ရင်တွေပါ တုန်လာတာ ကိုရိပ်ရဲ့။ ကျွန်တော်လေ ..ပျော်လည်း အရမ်း ပျော်တယ် ... ဝမ်းလည်း နည်းတယ် ..."

မာန့်ရင်ခွင်ထဲမှ မာန့်မျက်နှာကို မော့ကြည့်ရင်း မှိန်ပြပြ နှစ်ယောက်အိပ် ဟိုတယ်အခန်းကျယ်ထဲ မာန့်ကို အပြစ်တင်သလို နှုတ်ခမ်းပါးလေးကို တထော်ထော်ဖြင့် ချစ်စရာကောင်းအောင် ပြောနေရင်းမှ အဖျားခတ်သွားသော စကားသံနှင့်အတူ ရုတ်ချည်း ညှိုးငယ်ကျသွားသော မျက်နှာသွယ်သွယ်ကြောင့် ခပ်ယဲ့ယဲ့ ပြုံးနေသော မာန့်အပြုံးပင် ကွယ်ပျောက်သွားရသည်။

"ဝမ်းနည်းစရာတွေ ငါတို့အတွက် မရှိတော့ပါဘူး လှိုင်းရာ။ မင်း ငါနဲ့ ရှိနေတဲ့တစ်လျှောက်လုံး ပျော်ရွှင်စေရမယ်လို့ ငါ ကတိပေးတယ်။ ငါ့ကို ယုံတယ်ဆို ခဏ ခဏ မငိုပါနဲ့ကွာ ..မင်း ငိုရင် ငါတကယ် မခံစားနိုင်ဘူး။"

မာန့်ကို မျက်လုံးအဝိုင်းသားနှင့် ပြန်မော်ကြည့်နေသည့် အကြည့်တို့၌ ဖြတ်ပြေးသွားသော အရောင်များကို ရှေ့ ကာဆီးမနေသော လေးထောင့်မျက်မှန်ကြောင့် သိသာထင်ရှားစွာဖြင့် မြင်နေရသည်။ သည်ကောင်လေးဟာလေ ...

"အများကြီး လျှောက်တွေးမနေဘဲနဲ့ ..အိပ်တော့။ ငါ့ရဲ့ ပုတက်လေးက လိမ္မာပါတယ် ..အိပ်ပျော်အောင် အိပ်လိုက်တော့နော်။"

ခေါင်းကို တွေတွေကလေးသာ ညိတ်ပြပြီး မာန့်ဆီ ပို့လွှတ်ထားသော အကြည့်တို့ကို ပြန်လည် ရုတ်သိမ်းလိုက်ကာ မာန့်ရင်ခွင်ထဲ ငြိမ်သက်သွားသော လှိုင်း၏ အသက်ရှူသံသဲ့သဲ့က တိုးတိုးတိမ်တိမ်သာ ဆိုသော်လည်း မာန်သည် ထိုအသက်ရှူသံတိုးတိုးကို နားစွင့်ရင်း မျက်လုံးများကို မှေးစင်းထားလိုက်သည်။ ညတိုင်း စည်းချက်မှန်မှန် အသက်ရှူသံလေးကို မာန် ခိုးနားထောင်ရင်း အိပ်ပျော်ခဲ့ရမှန်း လှိုင်းကတော့ သိမည်မထင်ပါ။ လှိုင်းနှင့်အတူ ရှိချိန်တိုင်းကို စက္ကန့်နှင့်အမျှ မာန် တန်ဖိုးထားတတ်သည်ကို ဆိုသော်လည်း ကုန်ဆုံးသွားခဲ့သော အချိန်တွေအတွက်တော့ နောင်တ ဆိုသော အရာသည် မာန့်ရင်ထဲ အမြဲ နေရာယူထားသည်။ လှိုင်း၏ နာကျင်မှုများ၏ ရာခိုင်နှုန်း တော်တော်များများသည် မာန့်ကြောင့်ဆိုသည်ကို မာန် သိပါသည်။ သိသော်လည်း သိသိလျက်နှင့် မိုက်မဲခဲ့မိသည့် သူ့အပေါ် သံယောဇဉ် မပျက်ဘဲ အနားမှ မခွါဘဲ အမြဲ သည်းခံပေးနိုင်ခဲ့သည့် ကောင်လေးအား မာန် တစ်ဘဝလုံး ပေးဆပ်ပြီး အကောင်းမွန်ဆုံး အနွေးထွေးဆုံး ချစ်ပြချင်သေးသည်။

လမင်းခြေသံ { Completed }Where stories live. Discover now