အပိုင်း {၂၀} (UNICODE)

517 24 1
                                    

"ရေး ... ငါတို့အားလုံး ဒဂုံ (၁) ပါတယ်ကွ။"

ဝမ်းသာအားရ ထခုန်သော မိုးထက်ကို ကျန်သည့်လူများနှင့် ကျောင်းသားမိဘများက ကွက်ကြည့် ကွက်ကြည့်ဖြင့်။ မိုးထက် ပျော်သလို လှိုင်းလည်း ပြောမပြတတ်အောင်ကို ပျော်သည်။ လှိုင်းတို့ ၅ ယောက်အပြင် နန်းသော်တာ၏ သူငယ်ချင်းမလေးများကပါ ဒဂုံ (၁) ရောက်ကြသဖြင့် အမြဲတတွဲတွဲ ရှိသည့် ဤအစုအဖွဲ့ကလေးသည် ယခင်ကအတိုင်း အရာမယွင်းသွားသည်ကို လှိုင်း သဘောကျသည်။

ထိုနေ့က အမှတ်စာရင်း သွားကြည့်ပြီး အပြန် အောင်ပွဲခံသော အနေဖြင့် ရုပ်ရှင်သွားကြည့်ဖြစ်ကြသည်။ ရုပ်ရှင် သွားကြည့်ပြန်တော့လည်း အားလုံး တစ်ညီတစ်ညွတ်နှင့် ကြည့်ကြသည့် ကားမှာ သရဲကား။ မာန်တို့တစ်သိုက်က သရဲကား ကြည့်လျှင် အသံပေါင်းစုံဖြင့် ဆူညံတတ်သည်ကို မကြည့်ရဲကြလျှင်လည်း မကြည့်ကြသည် မဟုတ် ... တစ်ခါလာလည်း သရဲကား ၊ နှစ်ခါလာလည်း သရဲကားဖြင့် ... ထိုသရဲကားတွေနှင့် ဘယ်ဘဝက ရေစက်ဆုံမှန်းကို မသိ။ သူတို့ သရဲကား ကြည့်ချင်သည်ကား အရေးမဟုတ် ... ကြားထဲမှ လှိုင်းမှာ ဓားစာခံ ဖြစ်ရသည်။ အဓိက အကြောင်းအရင်းက မာန်ရိပ်မော်ပင် ... ငယ်ငယ်ကအတိုင်း ဒါရိုက်တာတွေ စိတ်ကူးပေါက်ရာ ရိုက်သည့် သရဲကားဆိုလျှင် မာန်က ကြိုက်နှစ်သက်သည်။ ကြိုက်လို့ ကြည့်ပြန်လျှင်လည်း ငယ်မူအတိုင်း သရဲထွက်လာလျှင် မထင်လျှင် မထင်သလို လာလာ ရိုက်တတ်သည့် အကျင့်က ဖျောက်မရ။ အိမ်မှာ သရဲကား ကြည့်လျှင်တော့ လှိုင်း၏ကိုယ် နောက်၌ ဝင်ကာ တီဗီကို လှမ်းလှမ်းကြည့်တတ်သဖြင့် အကြောက်လွန်ပြီး လူကို မရိုက်တတ်သော်လည်း ရုံထဲ၌ သရဲကား ကြည့်ချိန်တွင်တော့ သရဲထွက်လာချိန်တိုင်း လှိုင်း၏ လက်မောင်းတစ်ဖက် ပုပ်ပြီလားဟုတောင် ထင်မှတ်ရသည်အထိ လက်စွမ်းပြသည်။

မာန်တို့အားလုံး ဒဂုံ (၁) ရောက်သွားသည်ကို ပျော်ကြသော်လည်း တကယ်တမ်း ကျောင်းအသစ်မှာ တက်ရမည် ဆိုတော့ အရင်ကျောင်းကို လွမ်းဆွတ်သတိရစိတ်က ရင်ထဲမှာ ကိန်းအောင်းနေဆဲ။ မတူညီသော ပတ်ဝန်းကျင် ၊ မရင်းနှီးသော လူများနှင့် တစ်ခန်းတည်း အတူ တက်ရသည်မှာ စိတ်ညစ်စရာတော့ ကောင်းသည်။ ဒဂုံ (၁) ရောက်မှ မာန်တို့နှင့် လှိုင်း တစ်ခန်းတည်း ကျသည်။

လမင်းခြေသံ { Completed }Where stories live. Discover now