၂၇/၁၀/၂၀၀၅ (ကြာသပတေးနေ့)
အင်္ဂလိပ်စာကျူရှင်မှ အိမ်သို့ အပြန်ခရီး၌ တိတ်ဆိတ်ခြင်းတို့ မင်းမူနေလေသည်။ ကားမောင်းနေသည့် ဦးပြုံးက စကားတစ်ခွန်းမှ မပြောဘဲ ကားမောင်းခြင်းအမှုကိုသာ အာရုံစိုက်နေသလို မာန်ရိပ်မော်သည်လည်း mp3 နားထောင်ရင်း ငြိမ့်နေသည်။ လှိုင်းမှာမူ ကားမှန်ကို ကျော်လွန်၍ ကားဖြတ်သွားသည့် ပတ်ဝန်းကျင်ကိုသာ ငေးရင်း ခုချိန်ခါ အဖေတို့ ဘာများ လုပ်နေကြမလဲ ဆိုသည့် မေးခွန်းအတွက် အတွေးနယ်ချဲ့နေမိသည်။ သေချာသည်ကား ယနေ့အတွက် အဖေသည် အမေ့ကို လွမ်းဆွတ်သတိရခြင်း တေးချင်းကို ယမကာကို အဖော်ပြုရင်း သီကျူးနေမည်ပင်။
အိမ်ပြန်ရောက်သောအခါ ဦးမင်းဉာဏ်ကို ဝင်နှုတ်ဆက်ပြီးမှ လှိုင်း အိမ်ပေါ်ထပ် တက်လာလိုက်သည်။ အခန်းထဲ ရောက်သောအခါ မာန်က ခုတင်ပေါ် ထိုင်လျက်သား အနေအထားဖြင့်။
"ကိုရိပ် မအိပ်ဘူးလား။"
ပုံမှန် ကျောင်းက ပြန်ရောက်လျှင် အိပ်ရာထဲ ထိုးအိပ်တတ်သူမို့ အထူးအဆန်း ဖြစ်သွားရသည့် လှိုင်းက မေးရာ မာန်က ခုတင်ပေါ်မှ ထကာ ခေါင်းခါပြသည်။
"ငါ ရေအရင်ချိုးဦးမှာ။"
"ဩ ဟုတ် ဟုတ်"
ရေချိုးမည် ဆိုသဖြင့် ရေလဲပုဆိုးနှင့် မျက်နှာသုတ်ပဝါကို လှိုင်း ရေချိုးခန်းထဲ သွားထည့်လိုက်သည်။
"ရေချိုးပြီးရင်တော့ အိပ်မှာမလားဟင် ကိုရိပ်။"
"မင်း ဘယ်လိုဖြစ်နေတာလဲ။ ငါ အိပ်တာ မအိပ်တာ ဘာအရေးကြီးလို့လဲ။"
"....."
"ငါ ဒီနေ့ ပြန်မအိပ်ဘူး။ ခုလည်း မအိပ်ဘူး။ ရေချိုးပြီးရင်လည်း ပြန်မအိပ်ဘူး ..ကြားလား။"
"ဟုတ်ကဲ့"
မာန် ရေချိုးခန်းထဲ အမြန် ဝင်လာလိုက်သည်။ လှိုင်းသံစဉ်ဆိုသည့် မျက်လုံးအဝိုင်းသားနှင့် အညိုလုံးသည် ဘာအတွက် မာန့်ကို အိပ်စေချင်နေသည်လည်း မသိ။ မာန် ရေကို လောကြီးသုတ်ဖျာဖြင့် မြန်မြန် ချိုးပြီး ပြန်ထွက်အလာ၌ ကျောင်းဝတ်စုံ မဟုတ်သည့် တီရှပ်လိမ္မော်ရောင်နှင့် နက်ပြာရောင် ပုဆိုးကို တွဲဖက်ဝတ်ဆင်ထားသည့် လှိုင်းကို တွေ့လိုက်ရသည်။
YOU ARE READING
လမင်းခြေသံ { Completed }