ဗဟန်းမြို့နယ် ၊ ရေတာရှည်လမ်းဟောင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ လူများ စုဝေးကာ တရားနာနေကြသည်။ တရားနာရင်း ရေစက်ချနေသည်ကား ဦးသော်ကနှင့် မာန်ရိပ်မော်တို့ ဖြစ်ကြသည်။ ယနေ့သည် မာန့်၏ မိခင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ဖြစ်ရာ ဘုန်းကြီးကျောင်း၌ ဆွမ်းကျွေးအလှူလုပ်ခြင်း ဖြစ်သည်။
ရှေ့ဆုံး၌ ဦးသော်ကနှင့် ဘေးချင်းယှဉ်ထိုင်နေသည့် မာန်၏ ကျောပြင်ပြန့်သည် ဦးခေါင်းထက်ရှိ ဆံပင်ကောက်လေးများနှင့် လိုက်ဖက်ညီလှသည်။ နောက်ကျော မြင်ရုံဖြင့် ခုံမင်ချင်စရာ ကောင်းလွန်းနေသည်ကား မာန်၏ အားသာချက်တစ်ခုအလား။
ရေစက်ချပြီးရာ အလှူလာကြသည့် လူများကို ဧည့်ခံကျွေးမွေးပြီး လူပါးသွားချိန်၌ ဗိုက်ဆာနေပြီ ဖြစ်သဖြင့် မာန်ကပါ ဦးသော်ကနှင့်အတူ ဝင်စားနေသည်။ လှိုင်းကမူ လုပ်အားပေးအနေဖြင့် ဘုန်းကြီးကျောင်းသားများကို ဝိုင်းကူကာ ထောပတ်ထမင်း ပန်းကန်များနှင့် ရေခဲမုန့်ခွက်များကို လိုက်ချပေးရင်း မအားမလပ် ဖြစ်နေရသည်။ ဘုန်းကြီးကျောင်းသားများ နည်းတူ ပုဆိုးကိုသာ ဝတ်ထားသော်လည်း လှိုင်းသည် အင်္ကျီအဖြူနှင့် လူကြားထဲ ထင်းနေသည်။ အသင့်အတင့် ရှည်နေသည့် ဆံပင်ကို gel ဖြင့် ဘေးခွဲ ခွဲထားပြီး သေချာဖြီးထားသဖြင့် ဆံပင်များသည် ယခင်ကလို ကပိုကရိုမဟုတ်တော့ဘဲ သေသပ်နေသောကြောင့် တည်ကြည်လေးနက်သော သွင်ပြင်သည် ပို၍ပင် ထင်ရှားနေသည်။
"ကိုတို့ ဝိုင်းမှာပဲ လာထိုင်လေ မြတ် ..သားလည်း လာထိုင်။"
မာန်နှင့် ဦးသော်က ထောပတ်ထမင်း စားနေစဉ် လောကွတ်ချော်နေသည့် ဦးသော်က၏ စကားအဆုံး မာန်တို့ ဝိုင်း၌ ဆံပင်များကို စုစည်းလာသည့် အမျိုးသမီးတစ်ဦးနှင့် မာန်နှင့် အသက်မတိမ်းမယိမ်း အရွယ်ရှိသည့် ကောင်လေးတစ်ယောက် လာထိုင်သည်။
"မာန် ..ဒီက အန်တီက ဒေါ်အေးမြတ်မွန်တဲ့။ သားက တီမြတ်လို့ပဲ ခေါ်ပေါ့။ ဒီဘက်က ဇွဲမာန်ဟိန်း .. မြတ်ရဲ့ သားကြီးပေါ့။ သားထက်တော့ တစ်နှစ် ကြီးတယ်။ မြတ်တို့က မန္တလေးမှာ နေတာ မာန်လေးရဲ့။ မြတ် ..ဒါက ကို ပြောပြောနေတဲ့ ကို့ရဲ့ သား မာန်ရိပ်မော်လေ။"
YOU ARE READING
လမင်းခြေသံ { Completed }