အပိုင်း {၂၁} (UNICODE)

414 24 2
                                    

ကျောင်းတက်ခေါင်းလောင်း ထိုးချိန်၌ ကျောင်းအုပ်ဆရာမရုံးခန်းထဲ ကျောင်းသူ ကျောင်းသားများအပြင် မိဘများပါ စုဝေးနေကြသည်။ စုစုရုံးရုံး ဖြစ်နေရသည့် အကြောင်းရင်းကိုမူ ပြေးကြည့်စရာ မလို ၊ တွေးကြည့်ရုံဖြင့် သိနေနိုင်သည်ပင်။ မြေကြီးလက်ခတ်မလွဲ မနေ့က ရန်ဖြစ်ကြသည့် ပြဿနာနှင့် တိုက်ရိုက် ဆက်နွယ်နေသည်။

အရစ်ရှည်သော ကျောင်းအုပ်ဆရာမကြီး၏ အပြစ်ပေးမှု အဆုံးသတ်၌တော့ အားလုံး ရုံးခန်းထဲမှ ထွက်လာလိုက်ကြသည်။ ရန်ပွဲ၌ ပါဝင်ကြသည့်အတွက် ယောင်္ကျားလေးများအားလုံး ကျောင်းတစ်ပတ် နားခံရသည်။ ကျန်သည့်သူတော့ မသိ ... မိုးထက်မှာတော့ စိတ်တွေ ပိန်သွားရသည်။ ကျောင်းတက်ချင်သည့် အကြောင်းရင်းမှာ စာသင်ချင်လွန်း၍တော့ မဟုတ် ၊ အတန်းထဲရှိ ရေခဲတုံး ရှိုင်းကို တစ်ပတ်တိတိ မတွေ့ရလျှင် ဆိုသော အတွေးဖြင့် စောစောစီးစီး စိတ်က မကြည်လင်တော့။ အတန်းထဲ ပြန်ရောက်လာသောအခါ ကျေးဇူးရှင် အနှီရေခဲတုံးလေးက ဘေးဘီကို တစ်ချက် စိတ်ဝင်စားခြင်း မပြဘဲ အတန်းရှေ့မှ စာခေါ်နေသည့် မြန်မာစာ ဆရာမကိုသာ အာရုံထားကာ စာလိုက်ရေးနေသည်။ မိုးထက် အနားဝင်ထိုင်တော့လည်း တစ်ချက်ပင် စောင်းငဲ့မကြည့်။ မိုးထက်သည် အကြင်သူနှင့် မရင်းနှီးသည့် သူစိမ်းတစ်ယောက်နှယ် စိမ်းကားနိုင်လွန်းသည်။

"စန်း ..."

သူ သံရှည်စွဲကာ ခေါ်နေသည်ကို ကြားပါလျက်နှင့် အဖက်လုပ်ကာ စကားပြန်ပြောမည့် အမျိုး မဟုတ်သည်မှန်း သိနေလေတော့ မိုးထက်ကသာ စကားကို ဆက်ရသည်။ မိုးထက်ဘက်က စကားတစ်ခွန်း ပြောပြီးတိုင်း ရှိုင်းနောင်ခန့်ဆီမှ စကားပြန်လာသည်ကိုသာ မျှော်နေလျှင် သူ သင်္ချိုင်း၌ အရိုးဆွေးသွားဖို့သာ ရှိမည် ... သကောင့်သားကတော့ စကားပြောလာမည် မဟုတ်။

"ငါ ကျောင်းတစ်ပတ် နားခံရတယ်။"

မိုးထက်က လွယ်အိတ်ထဲမှ မြန်မာစာ ရေးစာအုပ်ကို ထုတ်ရင်း ပြောရာ ဆရာမ ခေါ်သည့် စာကို လိုက်ရေးနေသူက စကား ပြန်ပြောရန် မဆိုထားနှင့် ၊ ခေါင်းစောင်းလျက်ပင် ပြောနေသည့် စကားကို အသိအမှတ်မပြု။

လမင်းခြေသံ { Completed }Where stories live. Discover now