မာန် ဆေးကျောင်းပြီးသည့် အထိမ်းအမှတ် အနေဖြင့် မိုးထက်က မာန့်ဆေးကျောင်းမှ သူငယ်ချင်းများကိုပါ သူတို့အတူ သွားနေကျ Bar ၌ ချိန်းကာ Bar မသွားတတ်သည့် မာန် ၊ လှိုင်းနှင့် ဘုန်းသွင်တို့ကိုပါ ချောဆွဲခေါ်လာသည်။ ဘုန်းသွင်ကိုတော့ မနက်ကတည်းက ဖုန်းအခါခါ ဆက်ကာ လာခဲ့ရန် အတန်တန် မှာနေလျက်သားနှင့် မိုးထက်တို့ ည ၁၁ နာရီကျော်ခန့် Bar သို့ လူစုံတက်စုံ ရောက်ရှိနေလေပြီ ... ကျေးဇူးရှင်က ပေါ်မလာသေးသဖြင့် မိုးထက် ဖုန်းဆက်ခေါ်ရသေးသည်။
ဖုန်းဆက်ခေါ်ပြီး မိနစ်အနည်းငယ်အကြာမှ ဘုန်းသွင်ဆီမှ ဖုန်းဝင်လာသည်။
"ကျော်ကျော် ထွက်လာလိမ့်မယ် ဘုန်းသွင်။"
မိုးထက်သည် ကျော်ကျော့်ကို ဘုန်းသွင်အား သွားကြိုခိုင်းလိုက်ကာ အသင့်ထည့်ထားသည့် ခွက်ကို မော့ချလိုက်သည်။ ယမကာ၏ ထိတွေ့မှုကြောင့် လူက လန်းဆန်းသွားတာပဲ။ သို့သော် အနားမှာ ရှိုင်းနောင်ခန့် ရှိမနေသည်ကတော့ လှစ်ဟာမှုတစ်ခုကို ရင်ထဲ၌ ပေါ်ပေါ်လွင်လွင် ခံစားနေရစေသည်။
"ကိုရိပ် အများကြီး မသောက်နဲ့လေဗျာ။"
"မင်း ငါ့ကို လျှာလာမရှည်နဲ့။ ငါ့စကားတောင် မင်း နားထောင်လို့လား။ လက်ကိုလွှတ်။"
ပိုင်မြတ်ဘုန်းသွင်လည်း အမြန် ရောက်လာမှပါပဲ ... မဟုတ်လျှင် ဘေးနားရှိ ကြောင်နှင့်ကြွက်ကို မိုးထက် ထိန်းမနိုင်။ ဘုန်းသွင်စကားကျ မာန်က စိတ်ပါလျှင် နည်းနည်းပါးပါး နားထောင်တတ်သေးသည် ဖြစ်ရာ ပေါ်တော်မမူ မင်းသားလုပ်နေသည့် လူကြီးလူကောင်းအား မိုးထက်မှာ လည်တဆန့်ဆန့်နှင့် မျှော်နေရသည်။ တစ်ဖက်တွင်လည်း လှိုင်းမှာ မျက်နှာမကောင်း ... မာန့်ကိုဆို အမြဲ အလိုလိုက် အလျှော့ပေးကျ ဖြစ်လေရာ မာန်သည် ယခု လှိုင်းစကားကို နားမထောင်ဘဲ ထင်ရာစိုင်းကာ တစ်ခွက်ပြီး တစ်ခွက် သောက်နေလေသည်။
"မင်းတို့ကလည်း ကြာလိုက်တာကွာ။"
စောင့်ဆိုင်းခြင်း၏ အဆုံးသတ်၌ မိုးထက်တို့ရှိရာသို့ ရောက်လာသည့် ဘုန်းသွင်နှင့် ကျော်ကျော်အား မိုးထက် စိတ်မရှည်သလို အပြစ်တင်တော့ ကျော်ကျော်က သူ့ဆံပင်ကို အသာ ဖွကာ အကြောင်းပြချက် ပေးလာသည်။ ပိုင်မြတ်ဘုန်းသွင် ဟူသည်ကတော့ သူ့အမူအကျင့်အတိုင်း အင်္ကျီအကွက်လက်ရှည်နှင့် အနက်ရောင် စတိုင်ပန်ကို တွဲဖက်ဝတ်ဆင်ထားလေရာ တည်ကြည်လေးနက်သော ဟန်ပန်ကို ပို၍ ပေါ်လွင်နေစေသည်။
YOU ARE READING
လမင်းခြေသံ { Completed }