အပိုင်း {၅၂} (UNICODE)

511 19 5
                                    

မနေ့ညက ပင်လယ်ဘေး မာန့်ရှေ့ ငိုကြီးချက်မ မျက်ရည်ကျရသည်ကို အားမရလို့ မအိပ်ပျော်မချင်း လှိုင်း ရှိုက်ကြီးတငင် ဖြစ်နေမိသည်မှာ မာန်က လှိုင်း မအိပ်မချင်း သူ့ရင်ခွင်ထဲ ထည့်ထားကာ ကလေးတစ်ယောက်လိုမျိုး ချော့သိပ်ရသည်အထိ။ လှိုင်းကို မျက်ရည်ရွှင်သည်ပဲ ဆိုဆို ၊ ပျော့ညံ့လိုက်တာလို့ပဲ ပြောပြော သူ့ရင်ထဲ ရှိနေသည့် ခံစားချက်ကုဋေကုဋာကို မည်သူမှ မသိ။

မာန် စနောက်လိုက်သဖြင့် ဝမ်းနည်းသောကြောင့် မျက်ရည်ကျခဲ့တာ မှန်သော်လည်း ထိုမျက်ရည်များ၏ နောက်ဆက်တွဲအနေဖြင့် တကယ်တမ်း လှိုင်း ကြောက်နေတာ ... မာန့်ကို တစ်ယောက်တည်း ထားခဲ့ပြီး သူ အရင် ထွက်သွားရမှာကို ကြောက်နေခဲ့တာ စက္ကန့်တိုင်းပဲ။ အချိန်တွေ တရွေ့ရွေ့နှင့် ကုန်ဆုံးလာလေ ၊ သူဟာ မာန့်ကို ထားခဲ့ရဖို့ ရာခိုင်နှုန်းများလာလေ ဖြစ်သည်မို့ လှိုင်း ထိုအရေးကို စိတ်ထဲက ထုတ်မရလောက်အောင် အချိန်ပြည့် ခြောက်ခြားနေတာ။ မာန့်ကို ဘယ်လိုလုပ်တစ်ယောက်တည်း စိတ်ချလက်ချ ထားခဲ့နိုင်မည်နည်း ၊ ဘယ်လိုစိတ်နှင့် ထားခဲ့ရက်မည်နည်း။

"ကိုရိပ်ကို စိတ်မချလွန်းလို့ ကျွန်တော် ဘယ်လိုလုပ်ရမလဲဗျာ။"

အိပ်မောကျနေသည့် မာန်၏ ဆံပင်ကောက်ကောက်လေးများကြား အသာအယာ လက်ထိုးဆွကြည့်မိရင်း အမြင်အာရုံ ဝေဝါးလာရာ နဂိုရှိရင်းစွဲ အမြင်အာရုံချို့တဲ့မှုကြောင့် ဖြစ်မှာပါလေ။ ကြည့်လေ ကြည့်လေ မခွဲချင်လာလေ ဖြစ်လာသည့် ခံစားချက်များကြောင့် လှိုင်း ခုတင်ပေါ်မှ တိုးတိုး ဆင်းကာ ရေချိုးခန်းထဲ ခြေသံလုံလုံဖြင့် ဝင်ကာ တံခါးကို ဂျက်ချထားလိုက်မိသည်။ အချိန်ကိုက်ပါပဲ ထိန်းကာ သိမ်းကာဖြင့် မျက်လုံးအိမ်တွင်း သိုဝှက်ထားရသည့် အပူရည်တို့ဟာလည်း ကခုန်မြူးတူးစွာဖြင့် ပါးထက် လိမ့်ဆင်းကျလာသည်။ ရေချိုးခန်းတံခါးကို မှီလျက် အရုပ်ကြိုးပျက် ထိုင်ချမိရင်း အသံတိတ်သာ ရှိုက်နေမိသည့် သူ့ရင်ထဲ ခံစားချက်တို့က ကသောင်းကနင်းနှင့် ဗြောင်းသတ်နေသည်။

ပျော်ရွှင်စရာ အမှတ်တရများသာ ဖန်တီးရန် ယခုလို ခရီးထွက်လာကြသည်မှန်း သိသော်လည်း လှိုင်း၌ မျက်ရည်စတို့ကို ဟန့်တားနိုင်စွမ်း မရှိသလို သူ၏ စိတ်အစဉ်ကို အကြောက်တရား ဝါးမျိုမသွားအောင်လည်း တားမြစ်နိုင်စွမ်း မရှိ။ ကံကြမ္မာ မည်သော ဇာတ်ဆရာ အလိုကျ လိုက်ကနေပေးသည့် သူ့ကို သနားသောအားဖြင့် မာန့်အနား အချိန် နည်းနည်းလောက်ပဲဖြစ်ဖြစ် ပိုနေခွင့် ပေးလောက်မယ်မလား။ မွေးဖခင်ဆီကနေတောင် ချစ်ခြင်းမေတ္တာကို မမျှော်လင့်ရဲခဲ့သည့် သူ့ဆန္ဒကို တစ်ကြိမ်တစ်ခါလောက်တော့ ဖြည့်ဆည်းပေးသင့်ပါရဲ့။

လမင်းခြေသံ { Completed }Where stories live. Discover now