အပိုင်း {၂၈} (UNICODE)

379 21 4
                                    

နွေရာသီ၏ အငွေ့အသက်များသည် ကုန်လွန်လာသော ရာသီအလီလီကြောင့် ပို၍ ပီပြင်လာသည်။ မိုးလင်းစပြုသည်နှင့် ဖြာကျလာသော နေမင်း၏ ကိုယ်ရောင်ကိုယ်ဝါသည် ခြံဝင်းထဲရှိ ပန်းမျိုးစုံပေါ်သို့ ညီတူညီမျှ ဖြန့်ကျက်ကာ အနွေးဓာတ်ကို ပေးစွမ်းနေသည်။ စာမေးပွဲအပြီး လွတ်လပ်နေသော ငှက်ကလေးတစ်ကောင်ပမာ ဖြစ်နေသည့် မာန့်ရင်ထဲ၌တော့ နွေးထွေးမှုသည် ပူပြင်းသော ဥတုကို သွေဖည်ကာ ပျောက်ဆုံးနေသည်။ ဟာတာတာ ဖြစ်နေသည့် ကွက်လပ်တစ်နေရာ၌ လိုအပ်နေသော လူတစ်ယောက်သည် ယခုတော့ သူ၏ အဝေး၌။ သူနှင့် ဝေးရာတွင် ပျော်ရွှင်၍ နေမလား ၊ သူ့ကိုရော သတိရနေပါ့မလား ၊ အချိန်တွေ ကြာသွားလျှင် သူ့ဆီကိုရော ပြန်လာချင်စိတ် ရှိပါဦးမလား စသဖြင့် "လား" များစွာတို့ဖြင့် မာန်၏ အတွေးပင်လယ်သည် ပြည့်နှက်နေသည်။

အတွေးနယ်ချဲ့နေရင်း ခြံထဲရှိ ဒန်းပေါ်၌ ထိုင်လျက် မာန် နားကြပ်ကို နားထဲ ထည့်ကာ သီချင်းနားထောင်နေလိုက်သည်။ နားထဲ ပျံ့လွင့်လာသော လှိုင်းသံစဉ်၏ အသံသည် မာန့်ရင်ထဲမှ အလွမ်းဓာတ်ခံကြောင့် ပို၍ပင် သတိရစိတ်ကို ဖြစ်ပေါ်စေသည်။ ယခုလို မာန့်အနားမှ ထွက်သွားမယ်လို့ ကြိုတင်စီစဉ်ထား၍များ voice recorder လေးကို မာန့်အား အပ်နှင်းခဲ့သည်လား မသိ။ လှိုင်း၌ မည်သို့သော ရည်ရွယ်ချက်မျိုး ရှိသည် မသိရသော်လည်း သူ ထားရစ်ခဲ့သော voice recorder လေးသည် မာန့်ဆီမှ အထီးကျန်မှုတို့ကိုတော့ ပပျောက်စေသည်။ လွမ်းဆွတ်သတိရစိတ်ကိုမူ လှိုင်းသံစဉ်ကိုယ်တိုင် အနား ရောက်လာမှ မာန် ဖျောက်ဖျက်၍ ရမည် ထင်သည်။ ယခုမူ လှိုင်း မရှိသော အရပ်၌ သူ၏ အတွေးများသည် အတိတ်ဟူသော သေတ္တာငယ်ထဲ ပိတ်လှောင်ခံထားရလေသည်။

"မာန်လေး"

ခေါ်သံတစ်ခုကြောင့် မာန်၏ စိတ်များသည် အတိတ်ပုံရိပ်အပေါင်းမှ ပြန်လည် လွတ်မြောက်လာရသည်။ အသံလားရာကို ကြည့်မိတော့ စာအိတ်တစ်ခုကို ကိုင်ဆောင်ထားသည့် ဦးပြုံး။

"ဟုတ် လေးပြုံး။ ဘာဖြစ်လို့လဲ။"

"ဒီမှာ မာန်လေးအတွက်ဆိုပြီး ခြံတံခါးကြား ညှပ်ထားတဲ့ စာတွေ့လို့ လေးပြုံး ယူလာပေးတာ။"

လမင်းခြေသံ { Completed }Where stories live. Discover now