အပိုင်း {၃၃} (UNICODE)

391 24 0
                                    

မာန့်စိတ်တွေ အစိုးမရနိုင်အောင် ပျာယာခတ်နေသည်။ လှိုင်းက အကြွေးတင်နေတာကို ဖြေရှင်းပေးနေရတာလား။ လှိုင်းအဖေတို့ကလည်း ပါပါးက လစဉ် ထောက်ပံ့ပေးထားတာတောင် ဘာလို့များ အကြွေးတင်အောင် လုပ်ကြသနည်း။ အကြွေးတင်လျှင်တောင် လှိုင်း၏ အစ်ကိုတွေကရော ဘာလို့များ မဖြေရှင်းကြရသနည်း။ ဒါထက် လှိုင်း အိမ်ပြန််တာကရော ထိုအကြွေးကိစ္စနှင့် စပ်လျဉ်းပတ်သက်နေသည်လား။ အကယ်၍ အကြွေးနှင့် ပတ်သက်နေသည်ဆိုလျှင်တောင် ဘာလို့များ မာန်တို့ကို ထုတ်မပြောပြရသနည်း။

မာန် အမှန်စင်စစ် စိတ်တွေ မွန်းကြပ် ရှုပ်ထွေးလာရသည်။ လှိုင်းသံစဉ်ကို အနားထားပြီး သူ ဘာဆို ဘာမှ မသိခဲ့သည် မဟုတ်လား။ သူ ယခု ဘာလုပ်ရမည်နည်း။ လှိုင်း ဂိုက်သင်မည့် ကိစ္စကို သဘောတူလိုက်ရမည်လား။ သဘောတူရသည်ကား သူ့အတွက် အရေးမဟုတ်သော်လည်း စိတ်ထဲ မေရတီ၏ ဂိုက်တော့ မလုပ်စေချင်။ သို့သော် ခက်သည်ကား လှိုင်းသံစဉ်ဟူသည် သူများပိုက်ဆံကို အလကား ယူမည့်သူမှ မဟုတ်ဘဲ ... အလကား ပေးမည် စိုး၍တောင် မာန်တို့ရှေ့ အကြွေးကိစ္စ လုံးဝ မပြောဘဲ သူ့နည်းသူ့ဟန်ဖြင့် ကြိတ်ဖြေရှင်းနေခဲ့သည်လေ။ ထိုသို့သော လူက မာန်က မေရတီ၏ ဂိုက် မလုပ်ရဘူးဟု ပိတ်ပင်ပြီး အကြွေးဆပ်ဖို့ ပိုက်ဆံကို ဒီတိုင်း ပေးလျှင်ရော ကြည်ကြည်ဖြူဖြူ လက်ခံမည်တဲ့လား ... မဖြစ်နိုင်တာ။

မာန် သဘောမတူချင်တာ မှန်သော်လည်း လှိုင်းသံစဉ် ဂိုက်လုပ်မည်ကိုတော့ ခွင့်ပြုရမည်။ လှိုင်းသည် ပညာလည်း ထူးချွန်ရုံသာမက သူများကို စာပြန်ရှင်းပြလျှင်လည်း နားလည်လွယ်အောင် ပြောပြတတ်သည်။ မာန်ကတော့ ဆရာကြီး အလုပ်မခံချင်သဖြင့် လှိုင်းအား ဘယ်သောအခါမှ စာမရှင်းခိုင်းသော်လည်း ဘုန်းသွင်နှင့် မိုးထက်ကမူ တစ်ခါတစ်ရံ နားမလည်သည့်စာများအား လှိုင်းကို ရှင်းပြခိုင်းတတ်သဖြင့် မာန် လှိုင်း၏ စာရှင်းပုံ စာရှင်းနည်းကို ကြားဖူးနားဝရှိခဲ့ဖူးသည်။ သို့ဖြစ်၍ ဤကိစ္စ၌ မာန် ခေါင်းမာနေ၍ မဖြစ်။ မာန့်ဘက်က ကလေးဆန်စွာ ခေါင်းမာပြီး လှိုင်းကို အလုပ်လုပ်ရန် ခွင့်မပြုပြန်လျှင်လည်း အကြွေးက ကျေနိုင်မည် မဟုတ်။ တစ်ခု ရှိသည်ကား မာန် လှိုင်းကို လူအများနှင့် ရောရောထွေးထွေး မနေစေလိုသည့် စိတ်က သဘောတူပေးချင်သည့် ဆန္ဒနှင့် လွန်ဆွဲနေလေသည်။

လမင်းခြေသံ { Completed }Where stories live. Discover now