"လှိုင်း ..လှိုင်း ထဦး ..."
"အင် ကိုရိပ် ..ဘာဖြစ်လို့လဲ"
မာန့်ခေါ်သံကြောင့် လှိုင်းသည် မျက်လုံးများကို လက်ဖြင့် ပွတ်ရင်း အတင်းဖွင့်လိုက်ရသည်။ မြင်လိုက်ရသည့် မာန့်ပုံစံက တစ်ခုခုကို အလိုမကျ ဖြစ်နေဟန် ရှိသဖြင့် လှိုင်း ထထိုင်လိုက်မိသည်။
"ဘာဖြစ်လို့လဲ ကိုရိပ်။ အိပ်မက်ဆိုး ..အိပ်မက်ဆိုး မက်လို့လား။"
မာန့်က မှုန်ကုပ်ကုပ် မျက်နှာဘေးနှင့်မို့ လှိုင်းလည်း အနီးစပ်ဆုံး ဖြစ်နိုင်ချေ ရှိသည့် အဖြေကို ဆက်စပ်တွေးတောလိုက်မိသည်။
"ငါ ဗိုက်ဆာတယ်။"
"ကျွန်တော် ပြောသားပဲ ကိုရိပ်ရယ်။ ဘာမှ မစားရင် ဗိုက်ဆာပါလိမ့်မယ်လို့။ ကိုရိပ်မှ ကျွန်တော့်စကား နားမထောင်တာ။"
"ဘာလဲ ..မင်းက အဲ့တော့ ဘာမှ မလုပ်ပေးဘူးလား။"
"မဟုတ်ပါဘူးဗျာ။ ကိုရိပ် ဗိုက်ဆာနေတာပဲဟာ ..ကျွန်တော်က လုပ်ပေးရမှာပေါ့။ ဘာစားချင်လဲ ကိုရိပ်။"
"ခေါက်ဆွဲပြုတ်"
"အင်းပါ။ ကျွန်တော် ခုပဲ သွားပြုတ်ပေးမယ်။ ကိုရိပ်က အခန်းထဲမှာပဲ စောင့်နေနော်။"
"မြန်မြန်လုပ်နော် ..ငါ ဗိုက်တအားဆာနေပြီ။"
"ဟုတ်ကဲ့ပါဗျာ"
လှိုင်းသည် ချွတ်ထားသည့် မျက်မှန်ကို ကောက်တပ်ကာ မာန့်ကို အခန်းထဲ ချန်ထားရစ်ပြီး အခန်းပြင်သို့ တိုးတိုးတိတ်တိတ် ထွက်လာလိုက်သည်။ အခန်းထဲမှ မထွက်ခင် တိုင်ကပ်နာရီဆီ အကြည့်ရောက်သောအခါ အချိန်အားဖြင့် ည ၂ နာရီကျော်နေလေပြီ။ အခန်းပြင် ရောက်သောအခါ ဘုရားစင်မှ ရောင်ခြည်တော်နှင့် မီးရောင် အနည်းအကျဉ်းမှအပ အပေါ်ထပ် တစ်ထပ်လုံး တိတ်ဆိတ်ငြိမ်သက် ခြောက်ကပ်နေလေသည်။ လှိုင်းသည် ခြေသံ မထွက်စေရန် ခပ်ဖွဖွ လှမ်းရင်း မီးဖိုခန်းထဲ ဝင်လာလိုက်သည်။ မီးဖိုခန်းထဲ ရောက်သောအခါ လိုအပ်သည့် ဒယ်အိုး ၊ ခေါက်ဆွဲ စသည်များကို ယူကာ ခေါက်ဆွဲစပြုတ်ရန် ဂတ်စ်မီးဖိုကို ဖွင့်လိုက်သည်။
YOU ARE READING
လမင်းခြေသံ { Completed }