အပိုင်း {၁၁} (UNICODE)

591 30 5
                                    

၃၁/၅/၂၀၀၆
ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီခွဲ

လှိုင်း ဘုရားရှိခိုးပြီး အောက်ထပ် ပြန်ဆင်းလာချိန်၌ တစ်အိမ်လုံးသည် လှေကားမီးမှ အပ မှောင်မိုက်နေသည်။ လှိုင်း၏ ခြေလှမ်းများ ဦးတည်နေသည်ကား မီးဖိုခန်းထဲရှိ ရေခဲသေတ္တာဆီသို့။ ရေခဲသေတ္တာထဲမှ အသင့်သောက်သုံးနိုင်သည့် မလိုင်ပြည့် နွားနို့ဘူးအား ထုတ်ကာ ဖန်ခွက်အပြည့် နွားနို့များကို လောင်းထည့်လိုက်သည်။ ပြီးနောက်မှ နွားနို့ဘူးအား ပြန်သိမ်းကာ ဧည့်ခန်းရှိရာသို့ လှိုင်း ဦးတည်လာသည်။

ဧည့်ခန်းထဲ၌ အလင်းရောင်ဟူ၍ ဧည့်ခန်းမျက်နှာကျက်၏ လေးဖက်လေးနံရှိ မီးလုံးများမှ ဖြာကျနေသော ဝါကြန့်ကြန့် အလင်းရောင်နှင့် ရုပ်မြင်သံကြား ဖန်သားမျက်နှာပြင်မှ ထွက်ပေါ်နေသည့် အမျိုးမျိုး ပြောင်းလဲနေသော အရောင်များစွာသာ ရှိသည်။

"ကိုရိပ် ..အိပ်တော့မယ်လေဗျာ။ မနက်ဖြန် ကျောင်းတက်ရဦးမယ်။"

နွားနို့ကို မာန့်ရှေ့ရှိ မှန်စားပွဲပေါ် တင်ကာ အိပ်ဖို့ ပြောသောအခါ တီဗီကိုသာ စိတ်ဝင်တစား ကြည့်နေသူက လှိုင်းကို အဖက်လုပ်ဖို့ နေနေသာသာ မျက်လုံးပင် လှန်မကြည့်။

"ကိုရိပ် ..ကိုရိပ် ... ကျွန်တော် ပြောနေတာ ကြားလား။ အိပ်ရတော့မယ်ဗျ။ ကိုရိပ် ..ကို ..."

"နားငြီးတယ်ကွာ။ ပါးစပ်ပိတ်ထား။ လာ ..မင်းပါ ထိုင်ကြည့်။"

လှိုင်းက မာန့်ဘေး၌ ရပ်ရင်း တတွတ်တွတ် ပြောနေသောအခါ မာန်က မြင်ပြင်းကပ်သွားဟန် တူပါသည် ... လှိုင်း၏ လက်ကို ဆွဲကာ သူ့အနား၌ ထိုင်စေသည်။ မနက်ဖြန် ကျောင်းပြန်တက်ရပါမည် ဆိုမှ မာန်က ညနေက ဝယ်လာသည့် သရဲကားကို အောက်စက်ဖြင့် အခွေထိုးကြည့်နေသည်မှာ ယခုချိန်ထိ မပြီးသေး။

မာန့်အိမ်ကို လှိုင်း ရောက်နေသည်မှာ တစ်နှစ်နီးပါး ရှိတော့မည်။ ၇ တန်း တက်နေသည့် တစ်လျှောက်လုံး မနက်တိုင်း မာန့်ကို အိပ်ရာနှိုးရသည်မှာ ကျားမြီးပြေးဆွဲချင်စိတ် ပေါ်သည်အထိ စိတ်ညစ်စရာ ကောင်းသော တာဝန်တစ်ခု ဖြစ်သည်။ ၇ တန်း အတန်းတင်စာမေးပွဲ အပြီး၌ ထိုတာဝန်မှ ကင်းလွတ်သွားသည့် နွေရာသီ ၃ လပတ်လုံးသည် လှိုင်းအတွက် လှောင်အိမ်ထဲမှ လွတ်မြောက်သွားသော ငှက်ကလေးတစ်ကောင်ပမာ လွတ်လပ်သွားစေပြီး သူကိုယ်တိုင် မာန်နှင့်အတူ နေဖင်ထိုးမှ အိပ်ရာထဖြစ်သည်။ ယခုတော့ ကျောင်းပြန်ဖွင့်တော့မည် ဖြစ်၍ မာန့်ကို နှိုးရသည့် တာဝန်ကို တစ်ဖန် ပြန်လည် ထမ်းဆောင်ရတော့မည်။

လမင်းခြေသံ { Completed }Where stories live. Discover now