အပိုင်း {၃၀} (UNICODE)

465 27 3
                                    

"မနေ့က အခြေအနေ"

ညနေစောင်း၌ အိမ်သို့ အကြောင်းမကြား ဘာမကြားဖြင့် ရောက်ချလာသည့် ဘုန်းသွင်သည် မာန့်ကို မြင်သည်နှင့် သိလိုစိတ်ပြင်းပြစွာဖြင့် မေးတော့သည်။

"ဖွင့်ပြောပြီးသွားပြီ။ ခင်က လက်ခံတယ်။"

ဘယ်လိုတွေမှန်းကို ဘုန်းသွင် နားမလည်တော့ပေ ... တွေ့တာဖြင့် နှစ်ရက်သာ ရှိသေးသည့် မိန်းကလေးတစ်ယောက်အား ဘာမှ မစဉ်းစားဘဲ ဖွင့်ပြောသည့် မာန်ရိပ်မော်နှင့် လူကောင်းလား ၊ လူဆိုးလားပင် သေချာ မသိသေးသည့် ယောင်္ကျားလေးတစ်ယောက်အား ချက်ချင်း အဖြေပြန်ပေးသည့် ခင်ဝတီစံတို့ကို ဘုန်းသွင် မှတ်ချက်ပင် မပြုနိုင်တော့။ မှိုရသလို ပြုံးဖြီးနေပြီး ဂုဏ်ယူသလို မျက်နှာကို မော့ ၊ ရင်ကို ကော့ လုပ်နေသည့် မာန့်အား ဘုန်းသွင် ဆလံသာ တိုက်လိုက်တော့သည်။

"ရုပ်ရှင်ကြည့်မယ် ဘုန်းသွင်။"

"ဘာကားလဲ။"

"ပေါင်ချိန်"

"ဟာ မာန် ..မင်း ပေါင်ချိန်ပဲ ကြည့်နေတာ ဘယ်နှစ်နှစ် ရှိနေပြီလဲ။ တခြားဟာ ပြောင်းကြည့်ကွာ။"

"မကြည့်ဘူး မကြည့်ဘူး။ ငါက ပေါင်ချိန်ပဲ ကြည့်ချင်တာ။ ငါနဲ့တူတူလိုက်ကြည့်ပေးကွာ ..လာ ..."

လက်ကို အတင်း ဆွဲလားရမ်းလား လာလုပ်နေသည့် မာန့်အား ဘုန်းသွင် ဘာမှ အထွန့်မတက်ဖြစ်တော့ဘဲ ဧည့်ခန်းထဲ ဝင်ကာ ပေါင်ချိန်ကို လိုက်ကြည့်ပေးနေလိုက်သည်။ ဘုန်းသွင်က ရုပ်ရှင်မကြိုက်တတ်သူမို့ စိတ်မပါလှသော်လည်း မာန်ကမူ ပေါင်ချိန်ကို ထပ်တလဲလဲ ကြည့်ပြီးသားဆိုပေမဲ့ စိတ်ဝင်တစားကို ကြည့်နေလေသည် ... မာန်သည် ထိုသို့နှယ် အစွဲအလမ်း ကြီးသူ ဖြစ်၏။ ထိုစဉ် ကြားလိုက်ရသည့် ကားသံကြောင့် မာန်သည် ပေါင်ချိန်ကို အာရုံ တစိုးတစိမှ မရှိတော့ဘဲ ခြံပြင်သို့ အပြေး ထွက်သွားသည်။ မသွားခင် နှုတ်မှလည်း ဝမ်းပန်းတသာ ရေရွတ်သွားသေး၏။

"ငါ့ပါပါး ပြန်ရောက်လာပြီ ထင်တယ် ဘုန်းသွင်။"

ဧည့်ခန်းထဲမှ ထွက်သွားချိန်၌ မာန်သည် သူ၏ အဖွားဖြစ်သူအား မမေ့မလျော့ လှမ်းအော်ပြောလိုက်သေးသည်။

လမင်းခြေသံ { Completed }Where stories live. Discover now