အခန်း(၉၀) ယုကျဲအတွက် ဆွယ်တာ

1K 120 0
                                    

အခန်း(၉၀) ယုကျဲအတွက် ဆွယ်တာ

နောက်တစ်နေ့မနက်ရောက်တော့ ကျမ့်ယိလင်လေး စက္ကူအိတ်တစ်လုံးကို အဘွားကျမ့် လက်ထဲ ထည့်ပေးလိုက်ပါသည်။

"ကျေးဇူးပြုပြီး ယုကျဲကို ပေးပေးပါလား" ကျမ့်ယိလင်လေး တောင်းဆိုလိုက်သည်။ သူများကို ကိုကြီးဟု ခေါ်ရမှာ သူမ အသားမကျသေးပေ။

ကျမ့်ယုကျဲအတွက် ဆွယ်တာလေးကို သူမ ထိုးပြီးသွားပါပြီ။ သို့သော်လည်း သူ့ကို ပေးဖို့ သူမမှာ အချိန်ရှိပါ့မလား မသိနိုင်ပေ။ ထို့ကြောင့် သူမကိုယ်စား အဘွားကျမ့်ကို ပေးခိုင်းလိုက်တာ ဖြစ်ပါသည်။

အဘွားကျမ့်က အိတ်ကို ဖွင့်လိုက်ပြီး အထဲက ပစ္စည်းကို ကြည့်လိုက်သည်။ မီးခိုးရောင် ဆွယ်တာလေး ဖြစ်သည်။

ကျမ့်ယွင်ချန်းအတွက် သူမ လုပ်ပေးခဲ့သည့် ဆွယ်တာနဲ့ ဆင်တူသည်။ နှစ်ခုစလုံးက ဒီဇိုင်း ရိုးရှင်းသည့် လည်ဖုံးဆွယ်တာလေးများ ဖြစ်ကြသည်။ ရိုးရှင်းသော်လည်း လက်ရာက သေသပ်ပါသည်။

လွန်ခဲ့သည့်ရက်ပိုင်းလောက်ကတည်းက ကျမ့်ယိလင် သိုးမွေးထိုးနေခဲ့ပါသည်။ သူမ ကျောင်းသို့ အသွားလမ်း၊ အပြန်လမ်းတွေမှာ သိုးမွေးထိုးနေတာကို အဘွားကျမ့် မြင်ပါသည်။

အဘွားကျမ့်က စနောက်ရင်း မေးလိုက်၏။ "ဒီတော့ ယွင်ချန်းက သူ့မွေးနေ့မို့လို့ ဆွယ်တာတစ်ထည် ရတယ်။ အခု ယုကျဲလည်း တစ်ထည်သွားပြီ။ ဘွားဘွားကော ဘယ်တော့ ဘွားဘွားရဲ့ အသည်းတုံးလေး ထိုးပေးထားတဲ့ ဆွယ်တာလေးကို ဝတ်ရမှာလဲ။ သမီးလေး ထိုးပေးထားတဲဲ့ ဆွယ်တာလေးတွေက ကျိန်းသေပေါက် အရမ်းလှပြီး နွေးနေမှာပဲ"

အဘွားကျမ့်ဘေးမှာ ထိုင်နေသည့် အဘိုးကျမ့်က သူ့မိန်းမကို လှည့်စလိုက်သည်။ "နေပါဦး... မနက်စာက ဘာလို့ချဉ်နေပါလိမ့်။ လေထဲမှာလည်း မနာလိုတဲ့ အနံ့တွေ ရနေတယ်"

အဘွားကျမ့်က အဘိုးကျမ့်ကို စူးစူးစိုက်စိုက် ကြည့်လိုက်လေသည်။ "စားမှာသာ စားစမ်း အဘိုးကြီး!"

အဘိုးကျမ့်က ရယ်မောလိုက်ရင်း ကျမ့်ယိလင်လေးကို ပြောလိုက်ပါသည်။ "ဆွယ်တာထိုးတယ်ဆိုတာ အရမ်းပင်ပန်းတယ်။ နေ့တိုင်း စာလုပ်နေရတာနဲ့တင် သမီးက ပင်ပန်းနေပြီးသားကို။ ဘိုးဘိုး သမီးကို ဆွယ်တာတွေ ထပ်မထိုးစေချင်တော့ဘူး။ သမီး ဘွားဘွားကို ထားသာထားလိုက်။ သဝန်တိုပါလေ့စေ။ အနေကြာရင် အသားကျသွားလိမ့်မယ်!"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now