အခန်း 39+40(အကြီးအကဲများ)

138 15 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၃၉
( အောက်ခြေဘဝမှ လာသော အကြီးအကဲများ )

မှုခင်းဌာန ... မူးယစ်ဆေးဝါး အထူးတိုက်ဖျက်နှိမ်နှင်းရေးတပ်ဖွဲ့

ဆေးလွန်၍ ယာဉ်တိုက်မှု ဖြစ်ခဲ့ပြီး ရှူချန်း ဖမ်းဆီးပေးခဲ့သော လူမှာ စစ်ဆေးရေးခန်းထဲ၌ အထိမ်းသိမ်းခံထားရပြီ ဖြစ်၏။ ထိုသူ၏ရှေ့တွင်တော့ တည်ငြိမ်ရင့်ကျက်သော အလှနှင့် မိန်းမချောလေး ယန်ကျင်း မှာ လေးနက်သော အမူအရာနှင့် ထိုင်နေလေ၏။

"ရှင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ မူးယစ်ဆေးပမာဏက ကန့်သတ်ချက်ထက် ကျော်လွန်နေပြီ။ ရှင် ကျွန်မတို့နဲ့ ပူးပေါင်းပါ။ ဒီပစ္စည်းတွေကို ဘယ်ကရတာလဲ။ ရှင်က အရှေ့ပိုင်းတံခါးဝဂိုဏ်းနဲ့ ပတ်သက်နေမှန်း ကျွန်မတို့ သိတယ်။ ရှင်တို့တတွေက မူးယစ်ဆေး မှောင်ခို ရောင်းဝယ်နေကြတာလား။ ရှင်သာ ရိုးရိုးသားသား ပြောရင် ရှင့်ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးဖို့ ကျွန်မတို့ စဉ်းစားသွားမယ်"

သူမရှေ့မှ ဆေးသမားက ခနဲ့တဲ့တဲ့ ပြုံးရင်း ပြောလိုက်သည်။

"ဟေ့ အရာရှိ ယန် ... ခင်ဗျား ကျုပ်ကို လာခြောက်မနေပါနဲ့။ တရားဥပဒေကို ကျုပ် သိပါတယ်။ ကျုပ် ဒီကိုရောက်နေတာ မူးယစ်ဆေးသုံးစွဲလို့ပဲ။ တစ်ခြားလူတွေကို ရောင်းချနေလို့၊ မူးယစ်ဆေးကို ကိုယ်တိုင်လုပ်နေလို့ ရောက်နေတာမှ မဟုတ်ဘဲ။ ဘာလဲ ... ကျုပ်ကို သေဒဏ်ချမှတ်ချင်လို့လား။ ဒီလို မလုပ်စမ်းပါနဲ့။ ခင်ဗျားတို့ ကျုပ်ကို စောင့်ကြည့်နေကြမှန်းလည်း ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ်က ငနုံငအတစ်ကောင်တော့ မဟုတ်ဘူးဗျ"

အကြောက်တရားကင်းသော ထိုလူကို ကြည့်ရင်း သူမ၏ ပန်းနုရောင် လက်သီးကလေး စားပွဲခုံပေါ် ထိုးကျသွားလေ၏။

"ရှင့်ကို ဒီမှာ တစ်သက်လုံး ထိန်းသိမ်းထားနိုင်တယ်ဆိုတာ မယုံလို့လား"
ယန်ကျင်း က ခြိမ်းခြောက်လိုက်သည်။

ဆေးသမားက နှာခေါင်းရှုံ့ရင်း ပြန်ဖြေလိုက်သည်။
"ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်နေတာလား။ ကျုပ်မှာ ရှေ့နေ ရှိတယ်နော်။ အများဆုံး ထောင် ၁ နှစ်၊ ၂ နှစ်ကျရုံပေါ့။ ပြီးရင် ကျုပ် ပြန်လွှတ်လာမှာပဲ။ ကျုပ်ကတော့ လုံးဝကို ဂရုမစိုက်ဘူး"

နတ်နဂါးစစ်သည်Where stories live. Discover now