အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )

100 13 0
                                    

နတ်နဂါးစစ်သည်တော်
အခန်း ၉၄ - အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု

အပြန်လမ်းတွင် လင်မိသားစုက တဲဗက်စ် ကို သူတို့အား လိုက်မပို့စေချင်ပေ။ ထို့ကြောင့် သူတို့အားလုံး ရှုချန်း၏ ကားလေးထဲသို့ တိုးဝင်သွားကြ၏။ ခရီးသည် ထိုင်ခုံတွင် ထိုင်နေသော လင်ချူရွယ်က ကားမောင်းနေသော ရှုချန်းကို ကြည့်ကာ တစ်စုံတစ်ခု ပြောချင်ပုံ ရနေသော်လည်း မပြောနိုင် ဖြစ်နေ၏။

သုံးနှစ်ကျော် ကြာပြီးချိန်တွင်တော့ ရှုချန်း အမှန်တကယ် ပြောင်းလဲသွားခဲ့လေပြီ။ အချိန်အတော်ကြာ တစ်ယောက် တစ်ဘဝစီ နေထိုင်ခဲ့ပြီး ပထမဆုံး ပြန်တွေ့ချိန်တွင် သူမအား ပရိတ်သတ်များနှင့် မီဒီယာများ ဝန်းရံထားခြင်းမှ လွတ်မြောက်အောင် လိမ္မာပါးနပ်စွာ ကူညီပေးခဲ့သည်။ ထို့အပြင် သူမ ဗိုက်ထဲမှ ဗိုက်ဆာ၍ ထွက်ပေါ်လာသော အသံကို ကြားသည့်အခိုက်တွင်လည်း အဆာပြေစားရန် ပီဇာကို မှာပေးခဲ့၏။ ထိုပီဇာမှာလည်း သူမ အကြိုက်ဆုံး ပီဇာအမျိုးအစား ဖြစ်ပေသည်။ ၎င်းအဓိပ္ပါယ်မှာ လင်ချူရွယ်၏ အကြိုက်တို့ကို ရှုချန်း ဘယ်သောအခါမှ မမေ့ဟု ဆိုလိုရင်းပင်။

ဒုတိယအကြိမ် ပြန်လည် ဆုံတွေ့ရာချိန်ဝယ်  ကိုယ်ကျိုးစွန့် အနစ်နာခံကာ အစိုးရဘက်မှ ရပ်တည်၍ မြောက်ပိုင်းတံခါးဝ ဂိုဏ်း ခေါင်းဆောင်ကို စိန်ခေါ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချခဲ့သည့်အချိန် ဖြစ်ပေသည်။ ရာနှင့်ချီသော လူမိုက်များကို တစ်ချိန်တည်း ၌ တစ်ဦးတည်း သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တွန်းလှန် တိုက်ခိုက်ခဲ့ပုံကို ပထမဆုံး အကြိမ် မြင်တွေ့ခဲ့ရပြီး ရိုးသားစွာ ဝန်ခံရပါက သူမ နှလုံးသား အမှန်ပင် တဆစ်ဆစ် နာကျင်ခဲ့ရ၏။ သူမ၏ မျက်လုံးထဲ၌ ထိုမြင်ကွင်းမှာ ရှုချန်းက အထီးကျန် ဝံပုလွေ တစ်ဦးသဖွယ် ကျူးကျော်သူများကို ဟိန်း‌ဟောက်ရန်ပြုကာ မိမိပိုင်နက်အား ကာကွယ်နေသည့်ပုံမျိုး ဖြစ်နေပေသည်။

ထိုမြင်ကွင်းကြောင့် သူတို့ ငယ်စဉ်အခါ အထက်တန်းကျောင်သား ဘဝအရွယ်မှ နေ့ရက်များအား ပြန်ပြောင်းအောက်မေ့ သတိရမိသွား၏။ ကျောင်းဆင်းချိန်တိုင်း ရှုချန်းခမျာ ကျောင်းသားအများစု၏ ဝိုင်းဝန်းပိတ်ဆို့ အနိုင်ကျင့်ခြင်းကို ခံရရှာသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သူမကြောင့်မှန်း လင်ချူရွယ် သိ၏။

နတ်နဂါးစစ်သည်Where stories live. Discover now