အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )

63 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၉၁

( အမျိုးသမီး စစ်ယူနီဖောင်း )

ညဘက်...

အိပ်ဆောင်ထဲတွင် ဒါရိုက်တာက နာမည်ကျော် အမျိုးသမီး သုံးဦးကို နောက်တစ်နေ့ ရိုက်ကူးရေးနှင့် ပတ်သက်၍ ရှင်းပြနေ၏။

"ဒါက ခင်ဗျားတို့ အားလုံးအတွက် စစ်တပ်ထဲကို ပထမဆုံး အကြိမ်လာတာ ဖြစ်မယ်... ဒါ့ကြောင့် ဒီနေရာမှာ သင်ယူစရာတွေ အများကြီးရှိတယ်... ဒီလိုမျိုး သဘာဝဆန်တဲ့ ရိုက်ကူးရေးမှာ အရှိကိုအရှိအတိုင်း ချပြပြီး ပါဝင်ပေးတဲ့အတွက်လည်း အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်..."

နာမည်ကျော် အမျိုးသမီးသုံးဦးကလည်း ခေါင်းညိတ်လိုက်၏။ ဤ reality show ၏ သဘောသဘာဝကို သူတို့သိရှိပြီး ဖြစ်ပေသည်။ စစ်ရေးလေ့ကျင့်မှု အတွေ့အကြုံတစ်ခုရသည်ဟု သူတို့သဘောထားကာ ပါဝင်ခြင်းဖြစ်၏။ လင်ချူရွယ်ကမူ ဤ reality show တွင် မပါဝင်ခဲ့ပါက ရှုချန်း ဖြတ်သန်းကြုံတွေ့ခဲ့ရသော အခက်အခဲများကို သူမ တွေ့ကြုံ ခံစားနိုင်မည် မဟုတ်သောကြောင့် ပါဝင်ခဲ့ခြင်းဖြစ်၏။ သူမကိုယ်သူမလည်း ပြင်ဆင်လာခဲ့လေသည်။

နာမည်ကျော် ဘုရင်မ လင်ချူရွယ်နှင့် ပြောဆို ဆက်ဆံရန် လွယ်ကူလိမ့်မည်ဟု မထင်ခဲ့သော ဒါရိုက်တာပင် အရာအားလုံး ချောမွေ့နေသည့်အတွက် အံ့အားသင့်နေမိသည်။ လင်ချူရွယ်ကဲ့သို့ လျှမ်းလျှမ်းတောက် ကျော်ကြားနေသည့် မင်းသမီးက reality show နှင့် ပတ်သက်၍ ကြည်ကြည်သာသာ လက်ခံနေ၍ အခြားသော နာမည်ကျော် မင်းသမီး နှစ်ဦးလည်း ကန့်ကွက်ခြင်း တစ်စုံတစ်ရာ မရှိတော့ချေ။

ထို့နောက် ဒါရိုက်တာသည် အမျိုးသားများနှင့် ခေတ္တစကားပြောဖြစ်၏။ ရန်ရှန်း နှင့် နည်းပြရှုတို့အကြား သဘောထားကွဲလွဲမှုအချို့ ရှိ‌နေသည်ကို သိလိုက်ရ၍ ရန်ရှန်း အား အနည်းငယ် ပူးပေါင်းလုပ်ဆောင်ပေးရန် ဖျောင်းဖျခဲ့၏။ ရန်ရှန်း က မည်မျှပင် မကျေမနပ် ဖြစ်နေစေကာမူ ဒါရိုက်တာကို မဆန့်ကျင်ဘဲ အကောင်းဆုံး ကြိုးစားသွားမည်ဟု ယဉ်ကျေးစွာ တုံ့ပြန်ခဲ့၏။

နတ်နဂါးစစ်သည်Where stories live. Discover now