အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )

49 3 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၁၉

( လူယုတ်မာ )

ရှုချန်း ထွက်သွားပြီးနောက် ရန်ဝေနှင့် ဝူဟောက်အပါအဝင် ကျန်ရှိသူများအားလုံးသည် အချိန်များပင် ရပ်တန့်သွားသည့်အလား ကြောင်အမ်းအမ်းဖြစ်ကာ ကျန်ရစ်နေခဲ့သည်။

ရှုချန်းက မိန်းမများကို လက်ဖြင့် မရွယ်ဝံ့ဟု ပြောခဲ့သောအခါ ဝမ်ယင်းသည် အနည်းငယ် ဒေါသထွက်သွားသော်လည်း စိတ်ထဲတွင်တော့ ယောကျ်ားပီသလှသည်ဟု တွေးရင်း ကျေနပ်နေမိသည်။

သို့သော် ကံကြမ္မာကြီးက မမျှော်လင့်ထားသည့် အရာများကို ပေးရိုး ထုံးစံအတိုင်း ကျည်ကာအဖြစ် အသုံးချခံလိုက်ရသည့်အချိန်တွင်မူ အခြေအနေများ အားလုံး ဆန့်ကျင်ဘက်သို့ လုံးလုံး ပြောင်းလဲသွားလေ၏။

ရှုချန်း၏ မထင်မှတ်ရသော အပြုအမူက သူမ အပြင် စစ်ဒေသ ၈မှ စစ်သားများ၏ ဒေါသကိုပါ ဆွပေးလိုက်သကဲ့သို့ပင်။

ထိုစစ်သားများအတွက် ဝမ်ယင်းမှာ ဘုရင်မ တစ်ပါးပင် ဖြစ်သည်။ စစ်ဒေသ ဆိုသည့်အတိုင်း ယောကျ်ားသားများနှင့် ပြည့်နှက်နေသော တပ်ထဲတွင် သူမလို ရဲရင့် သန်မာသော အမျိုးသမီးတစ်ဦး ရှိနေခြင်းကို ဘုရားသခင်၏ ကောင်းချီးပေးခံရခြင်းဟု ခံယူထားကြသူများ ဖြစ်သည်။

ထို့အပြင် ဝမ်ယင်းမှာ မိန်းမလှလေး တစ်ဦးလည်း ဖြစ်နေသေးသည် မဟုတ်လော။

ထို့ကြောင့် ရွံ့နွံထဲတွင် ပျောက်ကွယ်နစ်မြုပ်နေသော ပတ္တမြား တစ်လုံးပမာ၊ မြက်ပင်ရိုင်းများကြားတွင် လှပစွာ ဖူးပွင့်နေသော တောပန်းလေး တစ်ပွင့်နှယ် လူအများ၏ ချစ်ခင်နှစ်သက်မှုများကို အပိုင်သိမ်းထားလေ၏။

သို့သော် သူမအတွက် အသက်ကိုပေး ချွေးကိုရင်းမည့် ထိုယောကျ်ားသားများ၏ မျက်စိရှေ့မှောက်တွင် ရှုချန်းက အမှန်စင်စစ် အကြင်နာတရား ကင်းမဲ့စွာ ရက်စက်ပြခဲ့လေသည်။ နတ်ဘုရားတစ်ပါးလို ကိုးကွယ်ရသော အဖိုးတန် အမျိုးသမီးကိုမှ ကျည်ကာအဖြစ် မကြောက်မရွံ့ အသုံးချခဲ့ခြင်းပင်။

ဝမ်ယင်း ငိုနေသည်ကို တွေ့သောအခါ သူ၏ အသင်းသားများအားလုံး ဒေါသ ငယ်ထိပ် ရောက်သွားကြသည်။

နတ်နဂါးစစ်သည်Where stories live. Discover now