အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )

129 12 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၄၉
( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )

အကြီးအကဲဆန် ၏ တပည့်သည် ရှုချန်း၏ လက်ရှိပတ်ဝန်းကျင် အသိုင်းအဝိုင်းကို စုံစမ်းစစ်ဆေးခဲ့ရာ မိန်းကလေးနှစ်ဦးကို တွေ့ရှိခဲ့သည်။

"အကြီးအကဲဆန်... ရှုချန်းက ကွန်ဒို အပေါ်ဆုံးထပ်မှာ မိန်းကလေး နှစ်ယောက်နဲ့အတူနေတယ်... ကြည့်ရတာ သူတို့တခုခု ပတ်သက်ပုံပဲ..."

အကြီးအကဲဆန် ၏ တပည့်သည် ယန်ကျင်းနှင့် ရှန်ယောင် တို့၏အချက်အလက်များကို အကြီးအကဲဆန် အား ပေးပို့လိုက်သည်။ ရှန်ယောင် ၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ကာ အကြီးအကဲဆန် ခေါင်းခါလိုက်သည်။

"ဒါက ရှန် မိသားစုက ကောင်မလေးပဲ... ဒါ့ကြောင့် သူ့ကို ငါတို့ သွားထိလို့ မကောင်းဘူး..."

ထို့နောက် ယန်ကျင်း၏ အချက်အလက်များကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

"သူက မှုခင်းဌာနက အရာရှိပဲ... ရာထူးကလည်းမြင့်တယ်... မှောင်ခိုနဲ့မူးယစ်ဆေးဝါးအမှုတွေကို အဓိက တာဝန်ယူထားရတာ... ဒါ့ကြောင့် သူ့ကို ငါတို့ ပြဿနာ မရှာသင့်ပြန်ဘူး..."

"ဒါဆို ကျုပ်တို့ ဘာလုပ်ရမှာလဲ... ရှုချန်းနဲ့ ရင်းနှီးတာ ဒီနှစ်ယောက်ပဲရှိတာ..."

အကြီးအကဲဆန် သည် သက်ပြင်းချလိုက်ကာ "ပြဿနာသွားရှာလို့မရဘူး... တယောက်က ချမ်းသာတဲ့ မိသားစုက... ဒါပေမဲ့ ကျန်တဲ့တယောက်ကတော့ ရဲဌာနကဆိုတော့ ငါတို့အခြေအနေကြည့်ပြီး လုပ်နိုင်မှာပါ... သူနဲ့ပတ်သက်တဲ့ ကောလဟလတွေ ဖန်တီးပြီး ရဲတပ်ဖွဲ့ လူမှုကွန်ယက်မှာ ဖွလိုက်လေ... ခေါင်းဆောင်ယန်နဲ့ ကင်းလှည့်အရာရှိတယောက်မှာ သမီးရည်းစားဆက်ဆံရေးတခုရှိတယ်ဆိုပြီး သတင်းဖြန့်လိုက်ရုံပေါ့..."

"အကြီးအကဲဆန်... ဒါပေမဲ့ ဒီလောက်လေးနဲ့တော့ သူ့ကိုဒုက္ခမပေးနိုင်ဘူး မဟုတ်ဘူးလား..."

"မင်းက တော်တော်တုံးတာပဲ... သူတို့နှစ်ယောက်ရဲ့ ရာထူးချင်းကိုပဲ ယှဉ်ကြည့်လိုက်ဦး... ယန်ကျင်းက ဌာနဆိုင်ရာ ခေါင်းဆောင်တယောက်လေ... ရာထူးတိုးဖို့ အလားအလာလည်း အများကြီးရှိတယ်... ဒီလို အရည်အချင်းရှိတဲ့ အမျိုးသမီးတယောက်က သာမန်ကင်းလှည့်အရာရှိတယောက်နဲ့ ချိန်းတွေ့နေတယ်ဆိုတာ လူတွေသိရင် ယန်ကျင်းကို သနားပြီး ရှုချန်းကို မုန်းတဲ့သူတွေ ဘယ်လောက်တောင် ရှိလာမလဲ... ပြီးတော့ ယန်ကျင်းကို သဘောကျနေတဲ့ကောင်တွေ ရှုချန်းကို ဝိုင်းပြီးဖိအားပေးမှာ သေချာတယ်... ရာထူး အကြီးပိုင်းထဲကကောင်တွေပါရင် ရှုချန်း ပိုပြီးတော့တောင် ဒုက္ခရောက်ဦးမယ်... ဒီအတိုင်းဆိုရင် သူ ရဲတပ်ဖွဲ့ထဲကနေထွက်ပြီး ဒီရှန်ချန်းမြို့ကတောင်မှ ပျောက်ကွယ်သွားနိုင်တဲ့အထိပဲ..."

နတ်နဂါးစစ်သည်Where stories live. Discover now