အခန်း ၈၅ ( ရှုချန်း လုပွဲ )

116 11 0
                                    

နတ်နဂါးစစ်သည်
အခန်း ၈၅
( ရှုချန်း လုပွဲ )

ရှန်ယောင်သည် ရှုချန်းနှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ညတညကို ဖြတ်သန်းရမည်ဟု လွန်စွာ မျှော်လင့်ထားမိသော်လည်း ရှုချန်းတွင် သဘောကျရမည့်သူ အခြားတယောက်ရှိနေကြောင်း ကြားလိုက်ရသည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ခဲ့ရတော့သည်။

ထိုကဲ့သို့ နှလုံးသားထဲ၌ တစုံတဦး ရှိနေခြင်းကြောင့် ယန်ကျင်းနှင့် သူမအား သိပ်ဂရုမစိုက်သည်မှာ မဆန်းပေ။

ရှန်ယောင်သည် သန့်စင်ခန်းအတွင်းသို့ ဝင်ကာ မှန်ရှေ့တွင် ရပ်လိုက်ပြီး မသက်မသာ ပြုံးနေမိသည်။  ရှုချန်းသည် လူကောင်းတဦးဖြစ်မည်ဟု သူမ ထင်ခဲ့သော်လည်း ရှုချန်းထက် အပုံကြီးသာလွန်သည့် ယောက်ျားများ သူမ အနီးပတ်လည်တွင် ဝိုင်းဝိုင်းလည်နေပေသည်။ ထို့ကြောင့် ရှုချန်းသည် ရည်းစားကောင်းတဦး ဖြစ်နိုင်သော်လည်း သူမအတွက် မရှိမဖြစ် လိုအပ်သည်တော့ မဟုတ်ချေ။ သို့သော် နောက်ပိုင်းတွင် ရှုချန်းအား သူမ စိတ် တိမ်းညွတ်မိခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ရှုချန်း ချစ်နှစ်သက် စုံမက်သူရှိကြောင်း ကြားလိုက်ရသည့်အတွက် ပြိုင်ဆိုင်လိုစိတ်ရှိသူ သူမ စိုးရိမ်စိတ်များစတင် ဝင်ရောက်လာတော့သည်။

“ကောင်းပြီလေ... ငါလည်း သူ့ကို အရမ်းကြီး သဘောကျတာ မဟုတ်ပါဘူး... ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်မှာပေါ့...”

ရှန်ယောင်တယောက် မှန်ကိုကြည့်ကာ မိမိကိုယ်ကို နှစ်သိမ့်စကား ဆိုလိုက်၏။

...
နောက်တနေ့နံနက်...

စစ်တပ်သုံး ကားနှစ်စီး စစ်ဒေသငါးသို့ ရောက်ရှိလာ၏။ ကားနံပါတ်များကို ကြည့်ရသည်မှာ ရှန်ချန်းမှ ဖြစ်ပေသည်။ ကားထဲ၌ လိုက်ပါလာသူများမှာလည်း ရာထူးကြီးမြင့်ပေလိမ့်မည်။ အထောက်အထား စာရွက်စာတမ်းများကို ပြသပြီးနောက် ဂိတ်စောင့်တပ်သားများသည် ချက်ချင်းအလေးပြုကာ ဝင်ခွင့်ပြုလိုက်ကြသည်။

ကားနှစ်စီးလုံးသည် အခြေစိုက်စခန်းသို့ တည့်မတ်စွာ မောင်းနှင်လာပြီး ညွှန်ကြားရေးမှူးရုံးခန်း ရှေ့တွင် ရပ်ကာ ဟွန်းကို မရပ်မနား တီးလိုက်၏။

နတ်နဂါးစစ်သည်Where stories live. Discover now