အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )

108 11 0
                                    

နတ်နဂါးစစ်သည်
အခန်း ၈၇
( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )

ရှုချန်းသည် လူပိန်းမဟုတ်။ ထို့ကြောင့် တဲဗက်စ် ၏ စကားများသည် သူ့အား နှိမ့်ချနေမှန်း သိ၏။

လင်ချူရွယ်၏ မိဘများရှေ့တွင်မို့ မကောင်းတတ်၍သာ ရှုချန်းအား ငန်းပျိုမလေး တကောင် အနားသို့ ကပ်နေသည့် လိပ်ရုပ်ဆိုး ဟူ၍သာ သုံးနှုံးခဲ့ခြင်း ဖြစ်သည်။

လင်ချူရွယ်၏ စိတ်ထဲတွင် ရှုချန်းနှင့် ပတ်သတ်၍ မကျေနပ်သည်တို့ ရှိသော်လည်း အခြားသူများက ရှုချန်းအား နှိမ်ခြင်းကိုမူ သူမ လက်မခံနိုင်။ ယောက်ျားဖြစ်သူအား သူမသာ စကားအားဖြင့် အနိုင်ယူလျှင် ယူမည်။ အခြားသူ အနိုင်ယူလျှင်တော့ ခွင့်မပြုဟူသည့် မိန်းမသားပင်။ ထို့ကြောင့် တဲဗက်စ် အား ကြည့်ကာ...
“ အခုချိန်ထိလည်း ကျွန်မ သီချင်းဆိုနေတုန်းပဲ... အခုချိန်မှာ ကျွန်မက လင်ရှိ မိန်းမသား တယောက် ဖြစ်နေပြီမို့ ရှင့် အပြောအဆိုတွေ ဆင်ခြင်သင့်ပါတယ်... “

“ မင်းတို့ အိမ်ထောင်ရေးက တကယ်ရော အဆင်ပြေလို့လား... “

တဲဗက်စ် က မေးခွန်းထုတ်လိုက်၏။ အနည်းငယ် စုံစမ်းရုံဖြင့် လင်ချူရွယ်နှင့် ရှုချန်းတို့၏ လွန်ခဲ့သည့် နှစ်များ အတွင်းက ဆက်ဆံရေး အခြေအနေကို သိရှိနိုင်ပေသည်။ သူတို့၏ အခေါ်အပြော မရှိ၊ ရေခဲတမျှ အေးစက်နေသည့် အိမ်ထောင်ရေး အကြောင်း သိရှိနိုင်ရန် ရှာလော့ခ်ဟုမ်းပင် မလိုချေ။

တဲဗက်စ် ၏ အမေးကို လင်ချူရွယ် မဖြေ။ ထို့အတူ ရှုချန်းလည်း မဖြေ။ နှစ်ဦးသား ရေငုံနှုတ်ပိတ်နေကြ၏။

တဲဗက်စ် က စကားလမ်းကြောင်း လွှဲလိုက်သည်။

“ အန်ကယ်နဲ့ အန်တီ... ရောက်တုန်းရောက်ခိုက် ကျွန်တော်တို့ မိသားစုပိုင် ကာစီနိုကို သွားကြမလား... “

လင်ကွေ့ရန် က တအံ့တဩဖြင့်....
“ မင်းတို့တွေ လေလံအောင်ထားတာလား... “

လွန်ခဲ့သည့် နှစ်များအတွင်း ရှန်ချန်း အစိုးရသည် လောင်းကစား လုပ်ငန်း လိုင်စင် ၁၀ခုသာ ချပေးခဲ့သည်။ ထို့အပြင် နိုင်ငံခြားသားများကို လုပ်ကိုင်ခွင့် မပေးချေ။ တဲဗက်စ် မိသားစုမှာ ဗြိတိန်နွယ်ဖွား ဗြိတိသျှ စစ်စစ်များ ဖြစ်၍ ဤလုပ်ငန်းလိုင်စင် ရရန် လုံးလုံး မဖြစ်နိုင်။

နတ်နဂါးစစ်သည်Where stories live. Discover now