အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )

54 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၉၆

( ချောက်ချခြင်း.... )

ဖာဂတ်ဒ် ဖုန်းချပြီးသည်နှင့် ကားရှေ့ တစ်ဖက်ခြမ်းရှိ ကားတံခါးမှာ ပွင့်လျက်သား ရှိသည်ကို တွေ့လိုက်ရသည်။ သူချက်ချင်း ယာဉ်မောင်းနေရာမှ ထကာ တစ်ဖက်ကို သွား၍ ကားတံခါး ပိတ်ရန် ပြင်သည်။ မူမမှန်သော တစ်စုံတစ်ရာကို သတိ မပြုမိချေ။ ထိုင်ခုံနေရာမှ သားရေ ထိုင်ခုံမှာ တစ်စုံတစ်ယောက် ထိုင်နေသကဲ့သို့ အိကျနေခြင်းပင်။

ဖာဂတ်ဒ် က ကားတံခါး ပိတ်ပြီးသည်နှင့် ယာဉ်မောင်း ဘက်ခြမ်းကို ပြန်သွားကာ မင်းသား ဝေလ် ထွက်အလာကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည်။

မင်းသား ဝေလ် ၏ ကားက ဆေးရုံ ကားပါကင်မှ ဖြည်းညင်းစွာ ထွက်လာသည်ကို မြင်သည်နှင့် ဖာဂတ်ဒ် လည်း စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်သည်။

"ဟူး... ဘုရား သခင်ရဲ့ ကျေးဇူးတော်ပဲ... "

ထို့နောက် ကားစက်နှိုးကာ စထွက်ခွာတော့သည်။ မှန်ပေ၏။ ကိုယ့်သေမင်းကို ပြန်စောင့်နေစရာ အကြောင်း မရှိပေ။ တစ်ဆက်တည်း မင်းသား ဝေလ်၏ ကားနောက်မှ လိုက်သွားသည်။ အခု သူတို့ အဖွဲ့ အတွင်း အသက်ရှင်သူ နှစ်ဦး ကျန်ရှိသေး၏။ ရှုချန်းဟူသော ခွေးသားကို ရင်ဆိုင်ရန် သူတို့ နှစ်ဦး စည်းလုံးရန် လိုအပ်သည်။ သေခြင်းတရားကို ကြောက်လန့်ပြီး အလွှမ်းမိုး ခံမည့်အစား သူတို့ ပြန်လည် တိုက်စစ်ဆင်ရန် ပြင်ဆင်ရပေမည်။

ဖာဂတ်ဒ် အနေနှင့် ကားကို လမ်းဘေးချရပ်ကာ မင်းသား ဝေလ် ကို နှုတ်ဆက်ရန် ပြင်ချိန်တွင် လီဗာပေါ်မှ သူ့ခြေထောက်ကို နောက်ထပ် ခြေထောက်တစ်ခုက အတင်းဖိထား သကဲ့သို့ ခံစားလိုက်ရသည်။ ကားမှာ တစ်နာရီ မိုင် ၂၀၀ နှုန်း အရှိန် မြှင့်သွား၏ ။ သူ့ခြေထောက်ကို မ ရွေ့ရန် ကြိုးစားလိုက်သည်။ အရိုးကြေမတတ်သာ ခံစားခဲ့ရပြီး လီဗာပေါ်မှ သူ့ခြေထောက်ကို ဖယ်မရခဲ့ချေ။ သူ့ကားက မင်းသား ဝေလ် စီးနင်းလာသော ဆီဒင် ကားလေး၏ နောက်ဖုံးကို အရှိန်ပြင်းပြင်းဖြင့် တိုက်ချလိုက်သည်ကိုသာ ကြည့်နေခဲ့ရသည်။ ဖာဂတ်ဒ် က မျက်လုံးပြူး မျက်ဆံပြာဖြင့် စတီယာတိုင်ကို ဆွဲကာ လမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်၏။

နတ်နဂါးစစ်သည်Where stories live. Discover now