110+111

106 10 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၁၀
(  ပြိုင်ပွဲထဲ ဝင်လာသည့် နောက်ထပ် ဆရာကြီး တစ်ယောက်... )

ပိုကာ အထူးကျွမ်းကျင်သူ တစ်ဦးဖြစ်သော မိုက်ခ်က သူ၏ စူးရှလှသော မျက်လုံးနှင့် လျင်မြန်သော အလိုအလျောက် တုံ့ပြန်မှုများကြောင့် ကတ်ဖမ်းနိုင်သော စွမ်းရည်အပါအဝင် အထင်ကြီးဖွယ်စွမ်းရည်များ ရှိပေသည်။ ကောင်းကင်ပေါ်မှ ကျလာသော ဖဲချက်များအနက် အကြီးဆုံးဖဲချပ်လေးခုကို ရအောင် ဖမ်းယူနိုင်သော မိုက်ခ်မှာ လောင်းကစား လောကတွင် ထိပ်တန်းနတ်ဘုရားတစ်ပါး ဖြစ်ခဲ့၏။

ဤကစားနည်းတွင် မိုက်ခ်သာ ဒုတိယအလှည့်ယူမည်ဆိုပါက မည်သူမျှ ပထမအလှည့် ယူဝံ့မည် မဟုတ်ချေ။ ပထမအလှည့်မှ ကစားသည့်သူများမှာ တန်ဖိုးအနည်းဆုံး ဖဲချပ်လေးချပ်ကိုဖြစ်စေ၊ တန်ဖိုးအကြီးဆုံး ဖဲချပ်လေးချပ်ကိုဖြစ်စေ ဖမ်းမိသည့်တိုင် သူ့အား အနိုင်ရသူ တစ်ယောက်မျှ မရှိချေ။ သူ၏ အမြင့်ဆုံးစံချိန်မှာ အထက်မှကျလာသော ဖဲချပ်များအနက်မှ Ace သုံးချပ်ကို ဖမ်းယူထားနိုင်ခြင်းပင်။

Ace လေးချပ်တော့ သူ တစ်ခါမျှ မဖမ်းနိုင်ခဲ့ချေ။ သို့သော် သူ့စိတ်ထဲတွင် မည်သူမျှလည်း ထိုကဲ့သို့ ဆွဲယူနိုင်မည် မဟုတ်ဟု ထင်မှတ်ထား၏။ ဤကစားနည်းကို နှစ်ပေါင်းများစွာ လေ့ကျင့်လာသူတစ်ဦးအနေဖြင့် ဖဲချပ်များကို လေထဲသို့ပစ်ကာ ပြန်ကျလာချိန်တွင် Ace လေးချပ်ကို သာမန်မျက်စိဖြင့် ရှာတွေ့ရန် အလွန်တရာခက်ခဲကြောင်း သူ သိ၏။ ထို့အပြင် ဖဲချပ်များ၏ တည်နေရာကို ရှာဖွေတွေ့ရှိပါက လက်ဆန့်ထုတ်၍ ဖမ်းယူရန် အနည်းဆုံး စက္ကန့်ပိုင်းတော့ ကြာပေမည်။ ထို့ကြောင့် ကတ်များ ကျဆင်းနေသည့် အခိုက်အတန့်လေးတွင် Ace လေးကတ်ကို အတိအကျ အောင်မြင်စွာ ဖမ်းဆုပ်ရန်မှာ မဖြစ်နိုင်ကြောင်း သိသာထင်ရှားလှ၏။

ရှုချန်းက ဖဲချပ်ဖမ်းရာတွင် မိုက်ခ်နှင့် ယှဉ်ပြိုင်မည်ကို ကြားသည့်အခါ သခင်ကြီးချင် ပြုံးလိုက်ကာ ခန်းမအတွင်းရှိ အနီးအပါးမှ ပရိသတ်များကို …
“ကတ်ဖမ်းတဲ့နေရာမှာ လူတစ်ယောက်က မိုက်ခ်ကို စိန်ခေါ်တော့မှာလား… အားလုံး ကြားဖူးကြလား… နောက်ဆုံးတစ်ခေါက်က လက်ဗီးဂတ်စ်မှာ မိုက်ခ်က သူ့ကို စိန်ခေါ်တဲ့လူကို Ace သုံးချပ်ဖမ်းပြပြီး အရှက်ခွဲခဲ့တာ ကျုပ် ကောင်းကောင်းကြီးမှတ်မိသေးတယ်… ဒီနေ့လည်း အဲဒီတုန်းကလိုမျိုး အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ကို ထပ်တွေ့ဖို့ သိပ်မျှော်လင့်နေမိတယ်…”
(Ace ဆိုသည်မှာ ဖဲချပ်ပေါ်တွင် ရေးထိုးထားသည့် A ဖြစ်ပြီး တစ်နည်းအားဖြင့် ၁ ဟုလည်း သတ်မှတ်နိုင်ကာ ဖဲချပ်များအထဲ ပါဝါအကြီးဆုံး ဖြစ်ပေသည် )

နတ်နဂါးစစ်သည်Where stories live. Discover now