အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )

58 4 0
                                    

နတ်နဂါးစစ်သည်

အပိုင်း - ၂၄၈

(ငြင်းပယ်ခြင်း )

ရန်ရှန်းတယောက် ရုံးခန်းမှ ထွက်လာပြီးနောက် စိတ်သက်သာရာရ သက်ပြင်းချလိုက်သည်။ သူက အတော်လေး ကံကောင်းသည်ဟုလည်း ခံစားလိုက်မိသည်။ ကိစ္စများက ထင်ထားသလောက်တော့ မဆိုးဝါးသေးပေ။

အောင်းလီက ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် သခင်လေးဟူထံမှ ဖုန်းအဝင်ကော ရရှိခဲ့သည်။ အောင်းလီက အသေအချာ နားထောင်ရင်း သူ့နောက်မှ ရန်ရှန်းကိုကြည့်ကာ ဖုန်းပြန်ဖြေ၏။

"ဟုတ်ကဲ့ သိပါပြီ... သခင်လေးဟူ... ကျွန်တော့်ကို လွှတ်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဘာလုပ်ရမလဲဆိုတာ သိပါတယ်..."

ရန်ရှန်းက အောင်းလီ နံဘေးလျှောက်လှမ်းလာရင်း မေးလိုက်သည်။

"အစောကရုံးခန်းထဲမှာ ကျွန်တော့်ရဲ့ဇာတ်ဝင်ခန်းတွေကို ဖျက်ပြီး အသစ်ပြန်ရိုက်မယ်ဆိုတာ တကယ်ပြောတာလား..."

အောင်းလီက ပြန်ဖြေ၏။

"မင်း ဘယ်လိုထင်လို့လဲ... ငါ တကယ်ဖျက်မှရမှာပေါ့..."

ရန်ရှန်းက စိတ်လှုပ်ရှားသွားသည်။

"အဲဒီရုပ်ရှင်ထဲမှာ ကျွန်တော် တော်တော် ထူးထူးချွန်ချွန် သရုပ်ဆောင်ထားတာလေ... ပြီးတော့ ကျွန်တော့်ရဲ့ဇာတ်ဝင်ခန်းတွေကပဲ ရုံတင်ငွေကို တိုးလာစေမဲ့ တခုတည်းသော နည်းလမ်းလို့ထင်တယ်... "

အောင်းလီက ရန်ရှန်းကိုကြည့်ရင်း ပြန်ပြောသည်။

"ဝန်ကြီးဌာနက မင်းနာမည်ကို မှင်နီ တားလိုက်ပြီးပြီလေ... မင်းပါတဲ့ရုပ်ရှင်တိုင်းက ဝေဖန်ခံရတော့မှာပေါ့... ငါ မင်းနဲ့ ပြောစရာရှိတယ်... မင်း ရင်းနှီးမြှုပ်နှံထားတဲ့ သန်း ၅၀ ကို ငါ ပြန်ပေးမယ်... မင်းရဲ့ဇာတ်ဝင်ခန်းတွေ အကုန်လုံးကို ဖျက်မယ်... ငါ့ရုပ်ရှင်ငါးကားလုံးက မင်းနဲ့ ဘာမှသက်ဆိုင်စရာ မရှိတော့ဘူး..."

ရန်ရှန်းတယောက် ကြက်သေသေသွားမိသည်။

"စီအီးအိုအောင်း... အစ်ကိုအောင်း... ဘာတွေပြောနေတာလဲ... ကျွန်တော်တို့က တလှေတည်းစီး တခရီးတည်းသွားတွေ မဟုတ်ဘူးလား... အကုန်လုံး ဖြေရှင်းပြီးသွားပြီလေ... ဘာလို့ ဒီလိုလုပ်စရာလိုမှာလဲ... ဒီလိုအချိန်မျိုးမှာမှ ကျွန်တော်နဲ့ဘာလို့ အဆက်အသွယ်ဖြတ်ချင်ရတာလဲ... ကျွန်တော့်ဘဝ အသစ်က ပြန်စဖို့အတွက် အဲဒီရုပ်ရှင် သုံးကားကနေရမဲ့ ဘောနပ်စ် အပိုဝင်ငွေတွေအပေါ်မှာ မူတည်နေတယ်လေ... "

နတ်နဂါးစစ်သည်Where stories live. Discover now