124+125

85 11 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၂၄
( မင်း ဒါရှာနေတာလား… )

အဖွဲ့ ( ၂ ) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များ အားလုံး စစ်ဆေးခံနေရသည်။ အားလုံး လုပ်ငန်းတာဝန်များ ခေတ္တရပ်ဆိုင်းကာ စစ်ဆေးရန် စောင့်နေရပေသည်။

တံခါးအပြင်တွင် လီတ့ဟွမ် ရပ်နေရင်း စစ်ဆေးခံနေရသော အထူးရဲ တပ်ဖွဲ့ဝင်များကို ကြည့်နေမိ၏။ သူကိုယ်တိုင်လည်း ထိုနေရာတွင် ဆေးလိပ်သောက်ကာ စောင့်ဆိုင်းနေပေသည်။ သူ ဤနေရာမှ ထွက်ခွာသွားလိုသည့်တိုင် စစ်ဆေးမှု မပြီးမချင်း ဌာနအတွင်းမှ ထွက်ခွာခွင့် မရချေ။

သို့သော် လောလောဆယ် စုံစမ်းစစ်ဆေးခံနေရသူများမှာ တပ်ဖွဲ့ဝင်များသာဖြစ်၍ အဖွဲ့ခေါင်းဆောင်ဖြစ်သူ သူ့အား စစ်ဆေးမည့်ပုံမပေါ်ချေ။

သူ၏ တပ်သားများ ထွက်လာသောအခါ "ဘယ်လိုလဲ သူလျှိုကို တွေ့ပြီလား..."ဟု‌ မေးလိုက်သည်။

သူ့တပ်သားများက ခေါင်းခါလိုက်သည်။

"အခုထိ မတွေ့သေးဘူး ဆရာ... အကုန်လုံး နီးပါးတော့ စစ်ဆေးပြီးပြီ... ခဏနေရင် ပြီးတော့မှာပါ..."

လီတ့ဟွမ် သက်ပြင်းတချက်ချလိုက်၏။

ထိုအချိန်တွင် စစ်ဆေးရေးမှူးက တံခါး ရုတ်တရက်ဖွင့်လိုက်ကာ "လီတ့ဟွမ်… မင်း ဖုန်း ငါ့ကို ပေးစမ်း…"ဟု ပြောလိုက်သည်။

လီတ့ဟွမ် စိတ်လှုပ်ရှားသွားကာ "ကျုပ် ဒီစစ်ဆင်ရေးမှာ ပါတောင် မပါခဲ့ဘူးလေ..."

စစ်ဆေးရေးမှူးက ခပ်မာမာဖြင့် "ဒါပေမဲ့ မင်းက ဗျူဟာပိုင်းနဲ့ စစ်ရေးဖြန့်ကျက်မှုပိုင်းမှာ ပါခဲ့တယ်... ဒါကြောင့် မင်းကိုလည်း စစ်ဆေးရမယ်..."

လီတ့ဟွမ် အနည်းငယ် တုံ့ဆိုင်းသွားကာ"ဘာကို စစ်ဆေးချင်တာလဲ..."

စစ်ဆေးရေးမှူးက အေးစက်စက် ထပ်ပြောသည်။
"မင်းရဲ့ ဖုန်းကို ငါ့ကိုပေးစမ်း... ငါတို့ ပုံမှန်အတိုင်း စစ်ဖို့လိုတယ်..."

လီတ့ဟွမ်က "ဒါ လိုလို့လား..."

စစ်ဆေးရေးမှူးက "ငါ အမိန့်ပေးနေတာ... ငါတို့နဲ့ ပူးပေါင်း ဆောင်ရွက်လိုက်... မင်းက အထူးရဲတပ်ဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်နေပေမဲ့လည်း အဖွဲ့ရဲ့  တစိတ်တပိုင်း ဖြစ်နေလို့ စစ်ဆေးဖို့လိုတယ်…"

နတ်နဂါးစစ်သည်Where stories live. Discover now