အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား

118 11 0
                                    

နတ်နဂါးစစ်သည်
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား

ခေါင်းဆောင်သည် ဗန်ကားနောက်သို့ လိုက်သွားခဲ့သည်။ သူသည် ရှန်ချန်းမှ မဟုတ်သည့်အတွက် ဗန်ကားသည် ရဲဌာနချုပ်သို့ သွားနေခြင်းကို သူ မသိချေ။ လင်းပိုင်နှင့် အခြားသူများ မောင်းနှင်နေသည်ထင်၍ လိုက်ပါသွားခဲ့သည်။

“ငါတို့စခန်းမှာ ပြန်တွေ့ကြမယ်...”

သူသည် ဗန်ကားကို လှမ်းပြောလိုက်သည်။ သို့သော် ဗန်ကားထဲမှ တစိမ်းတယောက်၏ အသံ ထွက်ပေါ်လာသည်။

ထိုအသံကြောင့် တစုံတခု လွဲမှားနေပြီဖြစ်ကြောင်း သိလိုက်၍ ဘရိတ်အုပ်ကာ ပြန်ကွေ့ရန် စီစဉ်လိုက်၏။ သို့သော် သူ၏ ကားအား အနောက်ဘက်မှ တခြားကားတစီးက ဝင်တိုက်လိုက်ပြီး တစက္ကန့် အတွင်းမှာပင် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ရဲကားများဖြင့် ဝိုင်းရံ ပိတ်ဆို့ထားလိုက်သည်။

“ကားပေါ်က ဆင်းစမ်း...”

အရပ်လေးမျက်နှာတွင် ရဲများပြည့်နှက်နေ၏။ သူ့ထံသို့ သေနတ်ပြောင်းဝများ ဝိုင်းချိန်ထားသည်ကို တွေ့လိုက်ရသဖြင့် ခေါင်းဆောင်သည် ကားစတီယာတိုင်ကို ဒေါသတကြီးဖြင့် ရိုက်နှက်လိုက်၏။ ထိုစဉ် သူ့ရှေ့ ဗန်ကားပေါ်မှ တပ်သားသုံးဦးဆင်းလာသည်ကို မြင်လိုက်၍ ပိုမို ဒေါပေါက်သွားခဲ့သည်။

“ငါ့ကောင်တွေအတွက် လက်စားချေပေးမယ်...”

သူသည် နားကြပ်မှတဆင့် ရှုချန်းအား ကြုံးဝါးပြောဆိုလိုက်သည်။

“မင်းရဲ့လူတွေ ဟုတ်လား...”

ရှုချန်း ရယ်မောလိုက်သည်။

“ဟုတ်တယ်.. မင်း မိထားတာ သုံးယောက်တည်း... ငါတို့လူတွေ ထပ်ကျန်သေးတယ်...”

“အိုး ဟုတ်လား... ငါ ရေကြည့်ဦးမယ်...”

ရှုချန်းသည် တစက္ကန့်မျှ ရေတွက်ပြီးနောက် “မင်းတို့ အဖွဲ့က ခုနှစ်ယောက်မလား...”

ခေါင်းဆောင် မျက်လုံးပြူးသွား၏။ သူထပ်မံ ဆဲဆိုလိုက်ချိန်တွင် ရဲများက သူ့အား ကားထဲမှ ဆွဲထုတ်ကာ ဖမ်းချုပ် ထားလိုက်သည်။ ယန်ကျင်းနှင့် အခြားရဲများ ကားပေါ်မှ ဆင်းလာကြ၏။ ထို့အတူ လူသတ်သမားအဖွဲ့၏ အခြားသော အဖွဲ့ဝင်များကိုလည်း ဖမ်းဆီးချုပ်နှောင်ထားသည်ကို တွေ့လိုက်ရ၏။ သူ၏ အဖွဲ့ဝင်တိုင်း ဖမ်းဆီး ခံလိုက်ရသည်ကိုမြင်၍ ခေါင်းဆောင် ပိုမိုထိတ်လန့်သွားခဲ့သည်။

နတ်နဂါးစစ်သည်Where stories live. Discover now