အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )

156 13 0
                                    

နတ်နဂါးစစ်သည်
အခန်း ၉၆
(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )

ရှုချန်းက လင်ချူရွယ်၏ တိုက်ခန်းတွင် ညမအိပ်ခဲ့ချေ။ ချောင်းမြောင်းနေသော မီဒီယာများမှ ဓာတ်ပုံများ ရိုက်ယူသွားလျှင် လင်ချူရွယ်၏ ဂုဏ်သတင်းကို ထိခိုက်စေမည် စိုးသောကြောင့်ပင်။

ရှုချန်းထွက်ခွာသွားပြီးနောက် လင်ချူရွယ်က အခန်းထောင့်စွန်းမှ ရှောင်လန်ကို မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ “နောက်ခါကျရင် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ..”

“အမချူ.. ကျွန်မတကယ်နားမလည်ဘူး.. တခြားရွေးချယ်စရာ ယောကျာ်းတွေ အများကြီး ရှိနေတာကို ဘာလို့ သူလဲ..” ရှောင်လန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

လင်ချူရွယ်က ရှောင်လန်ကို စကားဖြတ်၍ ပြောသည်။

“ဒီကမ္ဘာကြီးထဲ နေရာတစ်ခုခုမှာ ပြည့်စုံအောင်မြင်ပြီး နှလုံးသားလှတဲ့သူ ဘယ်နှစ်ယောက်များ ရှိနိုင်လို့လဲ.. နင်က ဖျော်ဖြေရေး အသိုင်းဝိုင်းနဲ့ ရင်းနှီးတာပဲ ဘယ်လိုလူမျိုးကို ယုံလို့ရတယ် မရဘူးဆိုတာ အသိဆုံး ဖြစ်မှာပါ.. တချို့လူတွေက ငွေကြေးချမ်းသာတာကလွဲရင် ဘာမှ မရှိဘူး.. သူ့ကို ငါ့အမိန့်နာခံသလိုမျိုးပဲ ဆက်ဆံပါ.. ငါ့လက်ထောက် အဖြစ် အလုပ်မလုပ်ချင်တော့ဘူး ဆိုရင်လည်း အချိန်မရွေး ထွက်သွားနိုင်တယ်..”

လင်ချူရွယ်က ထိုသို့ စကားကုန် ပြောပြီးနောက် အိပ်ခန်းသို့ ထွက်လာခဲ့လိုက်သည်။ ရှောင်လန်ကတော့ တုန်လှုပ်လျှက် ကျန်ရစ်၏။ အရိုးသားဆုံး ပြောရလျှင် မောက်မာခြင်းမရှိ၊ ကြေးများ(ဂျီးများ)ခြင်း မရှိသော နာမည်ကျော်တစ်ဦးကို ရှာတွေ့ရန် လွန်စွာခက်ပေသည်။ လင်ချူရွယ်ကတော့ ထိုသို့ မောက်မာဝင့်ကြွားခြင်း မရှိချေ။ လင်ချူရွယ်၏ လက်ထောက်နေရာမှ သူမထွက်သွားမည် ဆိုလျှင် သူမနေရာကို အစားထိုးဝင်ရောက်မည့် သူများ ရိုက်သတ်၍ မကုန်ကြောင်း ရှောင်လန်တစ်ယောက် ကောင်းကောင်းကြီး နားလည်ပေသည်။

---- ---- ----

ထိုအချိန်တွင် ရှုချန်းကတော့ သူ၏ ကိုယ်ပိုင်တိုက်ခန်းသို့ ပြန်လာခဲ့ပြီ ဖြစ်သည်။ တိုက်ခန်းသို့ ပြန်ရောက်ချိန်တွင် အခန်းတွင်းက အတိမှောက်မိုက်နေ၏။ အခန်းတံခါးကို ပြန်ပိတ်၍ လော့ခ်ချ လိုက်သည်တွင် အခန်းမီးများက ရုတ်တရက် လင်းလက်လာပြီး ယန်ကျင်းနှင့် ရှန်ယောင် တို့ ထွက်ပေါ်လာသည်။

နတ်နဂါးစစ်သည်Where stories live. Discover now