အခန်း ၉၇

109 10 0
                                    

နတ်နဂါးစစ်သည်
အခန်း ၉၇
(မင်း သတ္တိရှိမရှိ ပဲ ပြောစမ်းပါ )

ဒုတိယမြောက် နေ့တွင်တော့ လုပ်စရာမရှိသည့် အတူတူ ရှုချန်းတစ်ယောက် မြို့ထဲမှ ရဲစခန်းသို့ ယန်ကျင်းနှင့်အတူ လိုက်လာခဲ့လိုက်သည်။ ရှုချန်းက ရဲစခန်းသို့ ရောက်သည်နှင့် ဌာနမှူးထံဦးစွာ အစီရင်ခံလိုက်၏။

ဌာနမှူးမှာ မကြာသေးမီကမှ စိတ်ခွန်အား အပြည့်ဖြင့် တက်ကြွနေရာ အခန်းတွင်း ဝင်လာသော ရှုချန်းကို မြင်သည်တွင် ပြုံး၍ ပြောသည်။

“နောက်ထပ် ရက်နည်းနည်းလောက် ထပ်နားလိုက်တာ မဟုတ်ဘူး.. ဒဏ်ရာတွေရော သက်သာသေးရဲ့လား..”

“တော်တော်ကြီး သက်သာပါတယ်.. ပတ်ဝန်းကျင်နဲ့ အသားကျအောင်လို့ လာခဲ့တာပါ..”

ဌာနမှူးက ခေါင်းညိတ်လိုက်သည်။ ပြီးနောက် မတ်တပ်ထရပ်ရင်း နောက်ဘက် ဘီရိုထဲမှ စာရွက်စာတမ်းများကို ထုတ်၍ ရှုချန်းထံ ကမ်းပေး၏။

“ဒီမှာရော့.. အရင်ဆုံး စီမံခန့်ခွဲရေး ဌာနကိုသွားပြီး အစီရင်ခံလိုက်..  အဲ့က တစ်ယောက်ယောက် မင်းရဲ့ ရုံးခန်းကို လိုက်ပို့လိမ့်မယ်… ငါ မင်းကို အများကြီး မျှော်လင့်ထားတာမို့ အကောင်းဆုံး ကြိုးစားပါ..”

ရှုချန်းက ဌာနမှူးကို အလေးပြုလိုက်သည်။ “ဟုတ်ကဲ့ပါ ဆရာ..”

ထို့နောက်တွင်တော့ သူက စာရွက်စာတမ်းများနှင့် အတူ စီမံခန့်ခွဲရေးဌာနခွဲသို့ ရောက်ရှိလာ၏။ စီမံခန့်ခွဲရေးတွင် အစီရင်ခံ မှတ်တမ်းတင်ပြီးနောက် စီမံခန့်ခွဲရေး ဌာနမှ သူ့အား မှုခင်းရေးရာ အဖွဲ့(၂) သို့ လိုက်ပို့ပေးသည်။

ရှုချန်းက ကြီးမားကျယ်ဝန်းလှသော ရုံးခန်း လျှောက်လမ်းများ အတိုင်း လိုက်လာရင်း ပျင်းရိသမ်းဝေချင်စိတ်များပင် ဖြစ်ပေါ်မိ၏။ သို့နှင့် ရှည်လျားလှသော လျှောက်လမ်းအဆုံးတွင်တော့ စတုရန်းမီတာ(၂၀) ကျယ်ဝန်းသော ရုံးခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။ အခန်းတံခါးရှေ့ မတ်တပ်ရပ်ရင်း ရှုချန်းတစ်ယောက် ကောင်းမွန်သော ခံစားချက် မခံစားမိပေ။

“ဒါ အဖွဲ့(၅) ရုံးခန်းပဲ… ပြီးတော့ ဒါက အဖွဲ့(၂) ရုံးခန်း” စီမံခန့်ခွဲရေးမှ လိုက်ပို့သူက ထိုသို့ပြောပြီးနောက် ပြန်သွားခဲ့သည်။ အဖွဲ့(၂) ရုံးခန်းအတွင်းမှ အလုပ်အကိုင်မရှိ အားလျားနေသော ပုဂ္ဂိုလ်ခုနှစ်ဦး ရှစ်ဦးကို ရှုချန်းတစ်ယောက် တံခါးဝမှ နေ၍ လှမ်းကြည့်လိုက်မိသည်။

နတ်နဂါးစစ်သည်Where stories live. Discover now